Saturday, January 26, 2013

ခရီးသွားဧည့်လမ်းညွှန်တယောက်ရဲ့ ဆုတောင်း

 အခုတလော ကမ္ဘာ့ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ သတင်းတွေ တွေ့ရတော့ ဧည့်လမ်းညွှန်ဘ၀ကို ပြန်သတိရမိလိုက်ပါတယ်။
ဟိုတလောက ဟဲဟိုးမှာ ပျက်ကျတဲ့လေယာဉ်မှာ ဆုံးပါးသွားရှာတဲ့ ဧည့်လမ်းညွှန် သတင်း၊ တခါ မြန်မာပြည်မှာ ဟိုတယ်တွေ အမြန် တိုးချဲ့ဆောက်လုပ်နေတဲ့ သတင်း၊ ထိုင်း၊ လာအိုတို့နဲ့ သဘာဝ
လေ့လာရေးနဲ့ တွဲထားတဲ့ ခရီးစဉ်မျိုး ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ။ မကြာခင် ကမ္ဘာလှည့် ခရီးသွားတွေ အများကြီးလာတော့မယ်ဆိုလို့ အရင်က မြန်မာ့ခရီးသွားလုပ်ငန်း အခြေအနေကို သတိရမိတယ်။

ဒီကနေ့ ဧည့်လမ်းညွှန်တွေရဲ့ အခြေအနေကိုတော့ အသေအချာ မသိပါဘူး။ ပွင့်လင်းလာနေတဲ့ အချိန်ဆိုတော့ ပြောင်းတာတွေ အများကြီး ရှိနေမှာပါ။ လွန်ခဲ့တဲ့ အနှစ် ၂၀ အစိုးရရဲ့ မြန်မာ့ခရီးသွား လုပ်ငန်းမှာ ကျမ ဧည့်လမ်းညွှန် လုပ်ခဲ့တုန်းက အဖြစ်လေးတခု သတိရလို့ပါ။
အဲဒီတုန်းက ဧည့်လမ်းညွှန်တွေ အတော်နဲပါသေးတယ်။ အစိုးရခန့်တွေပဲ တရားဝင်လုပ်ခွင့်ရှိပြီး အပြင်က လုပ်တဲ့သူတွေက တရားမ၀င် ခိုးလုပ်ရတာပေါ့။ ၁၉၈၄ နဲ့ ၁၉၈၉ ကြားကာလမှာပါ။ ကျမက ဂျာမန်ဧည့်လမ်းညွှန် လုပ်ခဲ့ပါတယ်။ ဒါကလည်း ဂျာမန်ဧည့်သည်လာမှ။ နို့မဟုတ်ရင်တော့ အင်္ဂလိပ် ဧည့်လမ်းညွှန်လုပ်ရတာက ပိုများပါတယ်။ လူကနည်းပြီး ဧည့်သည်များတဲ့ အချိန်ဆိုရင်တော့ ကျရာပဲ။
တခါမှာတော့ ဇူလိုင်လထဲလောက် ဖြစ်မလားပဲ။ မိုးတွေက အတော်ကြီးတာ။ ကျမအလုပ်ဝင်ခါစ လပိုင်းလေးပဲ ရှိအုန်းမယ်။ ဆိုတော့ ဧည့်ကြိုကောင်တာမှာ တာဝန်ကျပြီး တခါတလေ ဧည့်လမ်းညွှန်တွေဆီက လျှံကျလာတဲ့ ဒါမှမဟုတ် မလိုက်ချင်လို့ ရှောင်ထွက်လိုက်တဲ့ ဧည့်သည်တွေကို တာဝန်ယူ ပေးရတယ်။

 တခါမှာတော့ ဇူလိုင်လထဲလောက် ဖြစ်မလားပဲ။ မိုးတွေက အတော်ကြီးတာ။ ကျမအလုပ်ဝင်ခါစ လပိုင်းလေးပဲ ရှိအုန်းမယ်။ ဆိုတော့ ဧည့်ကြိုကောင်တာမှာ တာဝန်ကျပြီး တခါတလေ ဧည့်လမ်းညွှန်တွေဆီက လျှံကျလာတဲ့ ဒါမှမဟုတ် မလိုက်ချင်လို့ ရှောင်ထွက်လိုက်တဲ့ ဧည့်သည်တွေကို တာဝန်ယူ ပေးရတယ်။

အဲဒါ ဧည့်သည်တဖွဲ့ရောက်မယ်ဆိုပြီး မန်နေဂျာက တာဝန်ချတယ်။ ကျမက ရုံးအနေနဲ့ကြည့်ရင် လူသစ်ဆိုတော့ ၀ါရင့်တွေ မကိုင်ချင်တဲ့ အဖွဲ့တွေကို ရတတ်ပါတယ်။ ကျမတို့ကလည်း အလုပ် လုပ်ခါစ၊ တက်တက်ကြွကြွပဲ ဘာတာဝန်မျိုးမဆို ယူလိုက်တာပဲ။ အဲဒီခေတ်က ဧည့်လမ်းညွှန်တွေရဲ့ လစာကလည်း ၆ ကျပ် ၁၅ ပြားခေတ်။ ကြားဖူးကြရဲ့လား မသိဘူး။ တနာရီမဟုတ်ဘူးနော်။ တနေ့ကို။ ဘယ်လိုလုပ်ပြီး လောက်မှာလဲ။ စုပေါင်းငှားနေတဲ့ အခန်းခကပဲ တယောက်ကို ၅၀ ကျပ်။ ကြားကားစီးရင် ၁ ကျပ်။ 


ဒီတော့ ဂိုက်တွေ ဘယ်လိုစားသလဲမေးရင် သေတ္တာသယ်ခတွေ တင်ရတယ်။ ဧည့်သည်က ဘောက်ဆူးပေးရင် ရတယ်။ ဧည့်သည်က ဈေးဝယ်ရင် ကော်မရှင်ပေးတဲ့ဆိုင် ရှိတယ်တဲ့။ ဒါက ကြားဖူးတာနော်။ ကိုယ်သာ ဧည့်လမ်းညွှန် လုပ်ခဲ့တယ်။ ကော်မရှင်ရဖို့ ဆိုင်ဖက်ကို ပြန်လှည့်ပြီး
တောင်းရမှာ ရှက်လို့ မရခဲ့တာက များပါတယ်။ ဧည့်သည်တယောက်ကို သေတ္တာ၂ လုံးနှုန်း သယ်ခကို ရုံးက သတ်မှတ်ပြီး တွက်ပေးတော့ ဧည့်သည်တွေ သေတ္တာမပါရင် ကိုယ်ရတာပေါ့လေ။ လူ ၁၀ ယောက်ဆို သေတ္တာ အလုံး ၂၀။ တကယ်ပါတာက ၁၀ လုံးဆိုရင် ကျန်တဲ့ ၁၀လုံးသယ်ခ ကိုယ်ရ။ ဒီလိုပေါ့။ အဲဒီခေတ်က ပြောပါတယ်။ ဒါပေမဲ့ အဓိကက ဘောက်ဆူးပါ။ ဒါကလည်း လူပေါ်မှာ မူတည်မယ်တင်တယ်။ ကျမတို့ ဗမာပြည်မှာက ဘောက်ဆူးစနစ် မရှိခဲ့တော့ တန်ရာတန်ကြေး အလုပ်အတွက် သတ်မှတ်ပေးထားတာက လွဲလို့ ဘောက်ဆူးပေးတာကို ယူရမှာ လက်တွန့်နေတယ်။ ရှက်စရာလို့ မြင်တယ်။ 


ဘောက်ဆူးအကြောင်းပြောလို့ တခါက ဧည့်သည်က လမ်းဘေး လက္ဘ်ရည်ဆိုင် ထိုင်ချင်တယ်ဆိုလို့ ခေါ်သွားတယ်။ ဆိုင်မှာ စားပွဲထိုးတာက ၁၅ နှစ်လောက် ရှိတဲ့ လူငယ်လေး။ အဲဒါ ဧည့်သည်က သောက်ပြီးတော့
ကောင်လေးကို tip ပေးတယ်။ လက္ဘ်ရည်တခွက်က ၅ ကျပ်တန်ကို ကလေးကို တစ်ပေးတာက ၅ ကျပ်။ ဒါပေမဲ့ ကလေးက မယူဘူး။ မျက်နှာလည်း အတော် ပျက်သွားတယ်။ မလိုပါဘူး လို့ ပြောသွားတယ်။ သူ့မာနကို ထိသွားပုံရတယ်။ ကျမကတော့ ဧည့်သည်ကို ရှင်းပြတာပေါ့။ ဒီမှာ အလေ့အထမရှိတော့ အလကားပေးတဲ့ငွေက မာနကို ထိခိုက်တယ်လို့။ ဧည့်သည်ကလည်း တောင်းပန်သွားပါတယ်။

ကျေးဇူးတင်တာကို ငွေနဲ့ ဖော်ပြတတ်တဲ့ သူတို့ ဓလေ့ကို ကျမတို့ လက်ခံလို့ မရတာပါ။ ကျမလည်း အဲဒီလို ဖြစ်ခဲ့တယ်။ "တစ်" တဲ့ ဆုကြေး ပေးခံရရင် မျက်နှာတွေပူပြီး ဘာလုပ်ရမှန်းမသိ။ ကလေးမုန့်ဖိုး အပေးခံရသလိုကို အောက်ကျတယ်လို့ လက်ခံထားတဲ့ ဗမာတွေရဲ့ မာန ထင်ပါတယ်။ နောက်ပိုင်း ကိုယ်နဲ့ အကျွမ်းတ၀င် ဖြစ်လာတဲ့ ပြည်ပဂိုက်တွေက အနေကြာလာတော့ နားလည်လာပြီး စာအိတ်ထဲထဲ့ပြီး တလေးတစား ပေးအပ်လာတဲ့  ဘောက်ဆူးကိုတော့ ယူဖြစ်ခဲ့ပါတယ်။ ပြောသလိုပေါ့။ လူပေါ်တည်ပါတယ်။ တချို့ကျတော့လည်း နှစ်ပိုင်းလေးအတွင်း အိမ်ဆောက်နိုင်လောက်တဲ့အထိ စီးပွားရေး အရောင်းအ၀ယ် လုပ်နိုင်ခဲ့သူတွေလည်း ရှိခဲ့ပါတယ်။



ထားတော့။ ပြောချင်တာက အဲဒီနေ့ကလာတဲ့ ကမ္ဘာလှည့်ခရီးသည် အုပ်စုတစုအကြောင်း။

အဲဒီနေ့က ကျမကို တာဝန်ချလိုက်တဲ့ မန်နေဂျာကလည်း ကျမက ဂျာမန်ဂိုက်ဆိုတာနဲ့ .. သိပ်မကွာပါဘူး။ ဥရောပပဲဟာ။ သူတို့ တတ်ချင်တတ်မှာပေါ့လို့ ပြောပြီး ပြင်သစ် အုပ်စုတစုကို တာဝန်ယူခိုင်းတယ်။ မဆီမဆိုင် ပြင်သစ်နဲ့ ဂျာမနီ နိုင်ငံနီးကပ်ပေမဲ့ ဘာသာစကားက အဝေးကြီးရယ်လေ။

လေဆိပ်ရောက်တော့ ပြင်သစ်ဧည့်သည်တွေက အသက် ၆၀ နဲ့ အထက်တွေလား ၇၀ အထက်တွေလားတော့ မသိဘူး။ အဖွားကြီးတွေက အများစုပါ။ အဖိုးအိုက တယောက်လား ၂ ယောက်လားပါတာ မှတ်မိတယ်။ အဖွဲ့ကို ဦးဆောင်လာတဲ့ ပြင်သစ်က ဧည့်လမ်းညွှန်ကလည်း ပြင်သစ် အမျိုးသမီး။ အသက်က ၄၀ ၀န်းကျင်လောက်။ လူအုပ်က ၂၆ ယောက်။ ပိန်ပိန်ပါးပါး ဖွားဖွားတွေ။ ဆံပင်တွေလည်း ဖွေးလို့ရယ်။ သဘောတော့ ကောင်းကြတယ်။

ပြင်သစ်ဧည့်လမ်းညွှန်က အင်္ဂလိပ်လို နဲနဲပါးပါး တတ်ပေမဲ့ ကျန်တဲ့ ဖိုးဖိုး ဖွားဖွားတွေကတော့ ပြင်သစ်ကလွဲရင် နတ္ထိပဲ။ ဗမာပြည်ကို ဘယ်လိုများ မျက်စေ့လည်လမ်းမှားပြီး ရောက်လာကြပါလိမ့်လို့ တွေးမိတယ်။ သူတို့ကလည်း ပြင်သစ် ဂိုက်ရဖို့ တောင်းထားတာတဲ့။ ကိုယ်ကလည်း စကတဲက I am Sorry ဆိုတာနဲ့ကို ပွဲဦးထွက်ရတော့တာပဲ။

သူတို့ကို သတ်မှတ်ထားတဲ့ ဟိုတယ်ကိုပို့၊ အစားအသောက်စီစဉ်။
နောက်တနေ့အတွက် ကြိုတင်စီစဉ်ထားတဲ့ ခရီးစဉ်ရှင်းပြ။ သွားရမှာက ပဲခူး။ ၂ နာရီခရီး ဘာညာ ရှင်းပြတာပေါ့။ ကိုယ်ကလည်း တလုံးမှပြင်သစ်က မတတ်လေတော့ ဖွားဖွားတွေကို ပြုံးပြ လက်ပြနဲ့ပဲ လောက၀တ်ပြုခဲ့ရတယ်။ အားနာစရာပါ။

အဲဒီတော့မှ ပြဿနာနဲ့ စတွေ့ရတော့တာ။ သူတို့ ၀ယ်ထားတဲ့ ခရီးစဉ်က - ရန်ကုန်၊ မန္တလေး၊ ပုဂံ။
အခုချထားပေးတဲ့ ခရီးက - ပဲခူး နဲ့ ပုဂံ။ မန္တလေးခရီးက လေယာဉ်အချိန်နဲ့ မကိုက်လို့ဆိုပြီး ဖြုတ်လိုက်တယ်။ ဒါတွေကို ဧည့်သည်တွေ ကြိုမသိထားတော့ ပွက်လောရိုက်ကုန်ရော။ ဒါနဲ့ ရုံးက မန်နေဂျာကို လှမ်းဆက်။ ရှင်းပေးပါပြောတော့ .. ခရီးစဉ်က ဒါပဲရမယ်။ နင့်ဖာသာနင်ရှင်း။ ရုံးခေါ်မလာခဲ့နဲ့တဲ့။ ဒါနဲ့ပဲ ပြင်သစ်ဂိုက်ကို တောင်းပန်။ ပြောပြ။ ဒါပဲရမဲ့အကြောင်း။ မျက်နှာပူပူနဲ့။ သူကလည်း ဖွားဖွား ဖိုးဖိုးတွေကို ပြင်သစ်လို ပြန်ရှင်း။ သူတို့စကားမတတ်တာပဲ တော်ပါသေးရဲ့လို့ တွေးမိတယ်။ မျက်နှာပူလိုက်တဲ့ ဖြစ်ခြင်း။ နောက်မှတွေးမိတယ်။

ဒါကြောင့် ဒီတိုးရစ်အဖွဲ့ကို ဘယ်သူမှ မလိုချင်တာကိုးလို့။ စကတဲက အဆင်မပြေမှန်း အတွင်းသတင်းနဲ့ သိနေကြတာပေါ့။ ကျမတို့ကတော့ ၀င်ခါစ အတတနဲ့ ဆိုတော့လည်း ..။
မနက်ကျတော့ ၈ နာရီ ဟိုတယ်မှာ သွားကြိုရတယ်။ အဲဒီတုန်းက ကမ်းနားလမ်းက Strand Hotel. အဲဒီခေတ်က အင်းယာလိပ်နဲ့ စထရင်း ၂ ခုလောက်ပဲ နဲနဲကောင်းတာရှိတယ်။

  
အစိုးရ တိုးရစ်ဘားမား ဘတ်စ်ကား ၀ါဝါကြီးပေါ်တင်။ စကားက မပေါက်တော့ မိုက်ခွက်ကိုင်ပြီးတော့လည်း ပြောလို့မရတော့ အင်္ဂလိပ်စကားနဲနဲတတ်တဲ့ ပြင်သစ်ဂိုက်နားထိုင်ပြီး သူ့ကိုပဲ ရှင်းပြရတော့တယ်။ သူကမှ တချို့တ၀က် ပြန်ပြောပေါ့။ လမ်းမှာလည်း မိုးတွေကရွာ။ ဇူလိုင်ဆိုတော့လည်း ဒီလောက်တော့ ရှိမှာပေါ့။ ရွာလိုက် တိတ်လိုက် ပြန်ရွာလိုက်နဲ့၊ လမ်းဘေးက စပါးခင်းတွေ လယ်သမားတွေဘ၀၊ ကောက်စိုက်သမတွေ အကြောင်း၊ စီးပွားရေးအကြောင်း၊ လမ်းဘေးမှာ မြင်တွေ့ရတဲ့ ကလေးတွေအကြောင်း ပညာရေးအကြောင်း စသဖြင့် လက်လှမ်းမှီရာ မြင်ရာလေးတွေပြော။ ဒီလိုနဲ့ ပဲခူးရောက်လာတယ်။ 








ပဲခူးရောက်တော့ ရွှေသာလျောင်းကို စ၀င်တယ်။ အဲဒီမှာတင် စိတ်ပူစရာက စတော့တာပဲ။ ရွှေသာလျောင်းဘုရားက လှေခါးတွေက ရေစပ်စပ်စိုနေတယ်။ ဒီပြင်သစ် ဖွားဖွားတွေကလည်း ဖိနပ်ချွတ်ပြီး လမ်းလျှောက်တတ်ပုံမရဘူး။ ခြေချောင်းနဲ့ ကုတ်ပြီး လျှောက်ရမဲ့အစား ခြေဖ၀ါးပဲသုံးတာတွေ့ရတယ်။ ကျမလည်း ဘုရားမြေပေါ်မှာ ဘုရားတပြီးတော့ပဲ ခေါ်သွားရတော့တယ်။ တလှမ်းချင်းပေါ့။ အတက်တော့ ဟုတ်နေလေရဲ့။ အပေါ်မှာလည်း လျောင်းတော်မူဘုရားကို ဟိုကကြည့် ဒီကကြည့်နဲ့ ဟုတ်နေလေရဲ့။







အပေါ်မှာလည်း လျောင်းတော်မူဘုရားကို ဟိုကကြည့် ဒီကကြည့်နဲ့ ဟုတ်နေလေရဲ့။ အားလုံးပြီးလို့ ပြန်ဆင်းတော့ ပြင်သစ်ဂိုက်ကို ကျမလှမ်းသတိပေးလိုက်သေးတယ်။ သူကလည်း ဆက်ပြီး သတိပေးပါတယ်။
 ကျောက်ခင်းထားတဲ့ လှေခါးက ရေစပ်စပ်ဆိုတော့ ချော်နိုင်တယ်ပေါ့။ ဒါပေမဲ့ သတိပေးလဲ သိပ်တော့ မထူးလှပါဘူး။ ကျမတို့တောင် အတော်သတိထားရတဲ့ အနေ၊ ဓာတ်လှေခါးကလည်းမရှိ၊ သစ်ခင်းလှေခါးကလည်း မရှိ။ ရွေးစရာလမ်းက မရှိလေတော့ ဒီကပဲ ဆင်းရတော့မယ်။


ဘုရားတနေတုန်းမှာပဲ ဖွားဖွားတယောက် ချော်လဲပါလေရော။ အဲဒီမှာ ဦးဆက်နဲ့ လှေခါးထစ်စောင်းနဲ့ ရိုက်မိပြီး သွေးတွေက ဖြာကနဲ ထွက်လာတာ။ ကြည့်လိုက်တော့ အတော်ကွဲသွားတာ တွေ့ရတယ်။

 ဒါနဲ့ ချက်ခြင်း ၀ိုင်းမ၊ တိုးရစ်ဘတ်စ်ကားပေါ်ပြန်တင်ပြီး ပဲခူး ဆေးရုံကို ပြေးရတော့တယ်။
ဆေးရုံရောက်တော့ အကျိုးအကြောင်းပြောပြတော့ အလှူငွေ အရင်ထဲ့ခိုင်းတယ်။ ဒါနဲ့ ဧည့်သည်ကို ပြောရမှာ ရှက်ပြီး ကိုယ့်ဖာသာ ထဲ့လိုက်ရတယ်။ ပြီးတော့မှ စွပ်ကျယ်ဂျိုင်းပြတ်နဲ့ ဆေးပေါ့လိပ်ခဲထားတဲ့လူက .. ဒါ ချုပ်ရမယ်လို့ ပြောတယ်။ ဦးလေးက ဆရာဝန်လားလို့ မေးတော့ ဆရာမရှိဘူးတဲ့။ သူက ကွန်ပေါင်ဒါတဲ့။ ဆေးစပ်တဲ့သူတဲ့။ ဆရာဝန်ကို ခေါ်ပေးလို့ မရဘူးလားဆိုတော့ ခဏပျောက်သွားတယ်။ ဖုံးသွားဆက်တာ ထင်တယ်။ နောက်ပြန်လာပြီး တခြားသူတွေနဲ့ တိုးတိုးပြောနေတာ ကြားရတယ်။ ဆရာ မလာနိုင်ဘူးတဲ့။

သွေးကလဲ တလှိမ့်လှိမ့်ထွက်၊ ဖွားဖွားလည်း ကြောက်လို့ ငိုနေ။ ဒါနဲ့ ကျမနဲ့ အဲဒီ ပြင်သစ် ဂိုက် ၂ ယောက်ဆုံးဖြတ်ပြီး ချုပ်မယ် လုပ်လိုက်တယ်။ အဲဒီမှာ မေ့ဆေးပေးလို့ မရသလို ထုံဆေးလည်း မရှိဘူးတဲ့။
မြေညီထပ် ဆေးရုံဆေးခန်းလေးက အခန်းသေးသေးလေးထဲဝင်၊ အခင်းမရှိတဲ့ သတ္တု ကုတင်ပေါ်မှာ ကျမနဲ့ ပြင်သစ် ဂိုက် ၂ယောက်သား ဖွားဖွားကို နောက်ကနေ မရုန်းနိုင်အောင်ဖက်ပြီး ချော့နေတဲ့အချိန်မှာ ကွန်ပေါင်တာဆရာကြီးက ပုဆိုးတိုတိုပြင်ဝတ်ပြီး ဆေးပေါ့လိပ် ပါးစပ်ကမချပဲ ကွဲသွားတဲ့ အနာကို ချုပ်ပါတော့တယ်။ ပြင်သစ်ဂိုက်က ဆေးလိပ်ဖြုတ်ဖို့ ပြောတော့မှ ကွန်ပေါင်ဒါ ဆရာကြီးက ဘေးက တန်းပေါ် ခဏလှမ်းတင်လိုက်တယ်။ ကျမလည်း တသက်နဲ့တကိုယ် မမြင်ဖူးတဲ့မြင်ကွင်းကို ဘယ်ကမှန်းမသိ ရောက်လာတဲ့ သတ္တိတွေနဲ့ ဖြစ်ညှစ် ကြည့်ပြီး ကိုယ့်စကား နားမလည်မှန်း သိပေမဲ့ တကိုယ်လုံးတုန်ပြီး ငိုနေတဲ့ ဖွားဖွားကို ကြံဖန် နှစ်သိမ့်နေဖြစ်တယ်။

ချုပ်လဲပြီးရော ဆေးကုခကို သူတို့ရဲ့ ခရီးသွားဌာန ကျန်းမာရေး အာမခံက ပေးပါလိမ့်မယ်လို့ သူတို့ဆီက စနစ်လို ထင်ပြီး ပြင်သစ် ဧည့်လမ်းညွှန်က ပြောတယ်။ ဒါပေမဲ့ ဒီနယ်မှာက ကျန်းမာရေး အာမခံ ဘာညာ နားလည်တာ မဟုတ်သလို ဒီအတွက် ရုံးတွင်းစာတွေ ရှိတာ မဟုတ်ဘူး။ နောက်ဆုံးတော့ ကျမကပဲ ကြားဝင် စေ့စပ်ပြီးတော့ ဒီမှာ ရှိသလောက် ပေးခဲ့လိုက်ပြီး ဟိုရောက်မှပြန်တောင်းပါ လုပ်လိုက်ရတယ်။

အဲဒါလဲပြီးရော ဓာတ်မှန်ရိုက်ဖို့ ဘာတွေ အထဲမှာဖြစ်တယ်ဆိုတာ သိနိုင်ဖို့ ရန်ကုန်ဆေးရုံကြီးကို အမြန်ပြန်ပြေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ကျန်တဲ့ ဖွားဖွား ၂၀ ကျော်က ဘယ်မှ မလယ်ကြရသေးဘူး။ ဒီချော်လဲတဲ့ ဖွားဖွားကလည်း ဆေးရုံအရေးပေါ် ပြန်ပြေးရမဲ့ အနေ။
နောက်ဆုံးတော့ ဆေးရုံက ကားတစီးကို ငှားပြီး ဖွားဖွားတယောက်ကို
ပြန်ပို့ဖို့ စီစဉ်လိုက်တယ်။ ကျမက ရန်ကုန်ကို လိုက်ပြန်၊ ပြင်သစ်ဂိုက်က ပဲခူးမှာ ဆက်ပြီး ပြပေါ့။ ကားကို ရတော့ ထုံးစံအတိုင်း ဓာတ်ဆီမရှိုလို့ တယောက်က ပုံးလေးနဲ့ ဆီသွားဝယ်။ ကျမက ဆီခပေး။ ပြီးတော့မှ ပဲခူးက ထွက်ဖြစ်တယ်။

 ကျမနဲ့ ချော်လဲတဲ့ ဖွားဖွား။ ကားက ဂျစ်ကား။ မောင်းတဲ့သူက ဆေးရုံက အလုပ်သမား။ သူ့ကို ကျေးဇူးတွေ အထပ်ထပ်တင်ပြီး ကားပေါ် ဖွားဖွားကိုတင်။ မောင်းလဲထွက်ရော နောက်တကြိမ် ဘုရားတရပြန်ပါတယ်။ ကားက ဘယ်ယိမ်း ညာယိမ်း ယိမ်းထိုးနေတာ။ မောင်းတဲ့ ကားဆရာကိုလည်း ဘာပြောရမှန်း မသိဘူး။ သေချာတာကတော့ သူကားမမောင်းတတ်တာပဲ။ ထွက်လာပြီး မကြာပါဘူး။ မြို့အထွက် မရောက်ခင်ပဲ ကားတိုက်ပါတော့တယ်။ လူတွေကတော့ ဘာမှ မဖြစ်ပေမဲ့ ဖွားဖွားရဲ့ ချုပ်ရိုးက သွေးတွေ ပြန်ထွက်လာပြန်တယ်။ ဒါနဲ့ အဲဒီနားက ၀ိုင်းအုံလာကြည့်ကြတဲ့ သူတွေကိုပဲ ကားငှားချင်တယ်ပြောပြီး အကူအညီတောင်း။ ကားတစီးက သူပို့ပေးမယ်ပြောလို့ တခါ အဲဒီကားနဲ့ ဆက်ထွက်ခဲ့ရတယ်။ ပဲခူးဆေးရုံမှာလည်း ဆရာဝန်က မရှိတော့ ပြန်မသွားရဲတော့ဘူးလေ။

အတိုပြောရရင်တော့ ရန်ကုန်ဆေးရုံကြီးကို ရောက်ပါတယ်။ ဆရာဝန်ကြီးနဲ့လည်း တွေ့ပြီး ဓာတ်မှန်ရိုက် လိုအပ်တာတွေ လုပ်ပေးနိုင်ခဲ့ပါတယ်။ ထုံးစံအတိုင်း အလှူငွေတို့ ဘာတို့တော့ ထဲ့လိုက်ရပါတယ်။ ကျသင့်ငွေအတွက် ရုံးနဲ့ တိုက်ရိုက်ဆက်ပေးလိုက်တော့ အဆင်တော့ ပြေသွားပါတယ်။ ကံကောင်းချင်တော့ အဲဒီ ဖွားဖွားခေါင်းထဲ သွေးခဲတာတွေ မဖြစ်ဘူးလို့ ဆရာဝန်က ပြောတယ်။ ကျမလည်း အဲဒီတော့မှ အသက်ဖြောင့်ဖြောင့် ရှူနိုင်ပါတော့တယ်။



ဒါကတော့ ကျမရဲ့ ဧည့်လမ်းညွှန်ဘ၀ အတွေ့အကြုံတွေထဲက တခုပါ။ မပြည့်စုံတဲ့ အရပ်မှာ ဘာမှ စနစ်တကျမရှိတဲ့ အစီအစဉ်အောက်မှာ ဖြစ်သလို တာဝန်ယူပြီး လုပ်ခဲ့ကြရတဲ့ အတွေ့အကြုံပါ။



 ရုံးကလည်း ကျမကို ကြိုတင်ငွေထုတ်ပေးလိုက်တာ မဟုတ်။ ဘာသာစကားက မပေါက်။ ဘာဖြစ်ရင် ဘာလုပ်ရမယ်ဆိုတဲ့ လေ့ကျင့်မှုလည်းမရှိ။
ဘာဆိုဘာမှ မရှိတဲ့နေရာမှာ ဆေးစပ်တဲ့သူက အနာချုပ်၊ ကားစက်လောက်နှိုးတတ်တဲ့သူက ကားမောင်း၊ ပြဿနာဖြစ်လို့မှ ကျမတို့ကို ကူမဲ့ဌာနရယ်လို့ မရှိ၊ ကူမဲ့ မန်နေဂျာရယ်လို့ မရှိတဲ့ ခေတ်။ အခုခေတ်လို လက်ကိုင်ဖုန်းဆိုတာ ကြားတောင်မှမကြားဖူး။ လက်ထဲမှာ နိုင်ငံခြားငွေ တဒေါ်လာမိရင် ထောင် ၂ နှစ်ကျနိုင်တယ်ဆိုတဲ့ခေတ်။ ထောက်လှမ်းရေး ဗိုလ်မှူးတွေက လေဆိပ်မှာ ထိကပါးရိကပါးလုပ်ခွင့် အနိုင်ကျင့်ခွင့်ရှိတဲ့ခေတ်၊ ဂိုက်တွေနော် မင်းတို့ ဧည့်သည်တွေကို 
 ပြောခွင့်မရှိတာတွေ မပြောနဲ့လို့ အဟန့်ခံရတဲ့ခေတ်။

အော်...။ အနှစ် ၂၀ တော့ ကြာခဲ့ပါပြီ။ ခေတ်တွေလည်း ပြောင်းနေလောက်ပါပြီ။

 မြန်မာပြည်ကြီး တိုးရစ်တွေ အလုံးအရင်းနဲ့ ၀င်လာတော့မဲ့အချိန်မှာ လက္ဘ်ရည်ဆိုင်က ကလေးလို မာနထားနိုင်တဲ့ မြန်မာစိတ်ဓာတ်တွေ ကျန်နေသေးပါစေ။ တိုးရစ်တွေလည်း တာဝန်ယူတတ်တဲ့ အေးဂျင့်တွေနဲ့ တွေ့ပါစေ။ နယ်က ဆေးရုံဆေးခန်းတွေလည်း အဆင့်မြင့်ကြပါစေ။ ကားမောင်းသမားတွေလည်း အန္တရာယ်ကင်းကင်းမောင်းတတ်ကြပါစေ။
ရွှေသာလျောင်း ဘုရားကြီးလည်း ဖွားဖွားတို့အတွက် ဓာတ်လှေကားတွေ ဘာတွေနဲ့ ရှိပါစေ။ မြန်မာနိုင်ငံက တိုးရစ်ဂိုက်တွေလည်း ထောက်လှမ်းရေး အာဏာပိုင်တွေကို မကြောက်ရဘဲ သိက္ခာအပြည့်နဲ့ အလုပ်လုပ်နိုင်ကြပါစေ...။


1 comment: