လူထုသတင်းထောက်ပညာရဲ့
အခန်းကဏ္ဍ အကြောင်း ၀ါရှင်တန်ဆွေးနွေးပွဲကအပြန်
ဆွေးနွေးကြတာကတော့
Citizen Journalism ဆိုတဲ့ လူထုသတင်းထောက်ပညာအကြောင်းပါ။ သတင်းသမား ၄ ဦးက ဆွေးနွေးရာမှာ
တဦးက အီဂျစ်မှာ သတင်းသင်တန်းပေးခဲ့ပြီး အခုထိလည်း အီဂျစ်အစိုးရက တရားစွဲထားသူလည်း
ဖြစ်ပါတယ်။
အရင်ကတော့
လက်ကိုင်ဖုန်းတွေ အင်တာနက်တွေ သိပ်မတွင်ကျယ်သေးတော့ လူထုသတင်းသမားတွေ လုပ်နိုင်တာ နဲပါးခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ် အီဂျစ်က နေစပြီး အာရပ်တခုလုံးကို ရိုက်ခတ်သွားခဲ့တဲ့၊ တကမ္ဘာလုံးကိုရိုက်ခတ်သွားတာကတော့
လူထုသတင်းထောက်တွေရဲ့ ဗီဒီယိုပုံတွေပါ။ ဒီပုံတွေကနေ အာဏာပိုင်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုသတင်း
ပြန့်နှံ့သွားခဲ့တာပါ။
သတင်းထောက်အဖြစ်
သက်မွေးဝမ်းကျောင်းပြုတာမဟုတ်ပေမဲ့ ၀ါသနာအရ လေ့လာချင်သူတွေကို အရင်နှစ်ပိုင်းတွေက သင်ကြားလေ့ကျင့်ပေးခဲ့တဲ့ အီဂျစ်သတင်းသင်တန်းပေးခဲ့သူ
Yehia Ghanem ကို ဒီကနေ့ တွေ့ခဲ့ပါတယ်။
သူ့ကို မေးခွန်းတချို့လည်း မေးဖြစ်ခဲ့တယ်။ သူ့အတွေ့အကြုံတွေပေါ့လေ။
သူပြောသွားတဲ့အထဲက
စိတ်ထဲ စွဲစွဲမြဲမြဲကျန်ရစ်ခဲ့တဲ့ စကားကတော့ သူ့ကို လူထုသတင်းထောက်တွေ
ပြန်ပေးလိုက်တဲ့
အရာပါ။
"ကျွန်တော့်ကို
လူထုသတင်းထောက်တွေက ပြန်ပြီး သင်ပေးလိုက်တာ ရှိပါတယ်။ အဲဒါကတော့ သတင်းထောက်တယောက် အဖြစ် နှစ်ရှည်လများ
လုပ်လာရင်းနဲ့ သတိမပြုမိလိုက်တဲ့ အချိန် တချိန်မှာ ပျောက်ဆုံးခဲ့တဲ့ သတင်းသမားတယောက်ရဲ့
စိတ်အားထက်သန်မှုတွေ၊ အမှန်တရားအပေါ် သစ္စာထားမှု၊ မြင့်မြတ်မှုတွေရဲ့ တန်ဖိုးကို ပြန်တွေ့ရတာပါပဲ။"
လို့ Mr. Yehia Ghanem က ပြောပါတယ်။
ဒါဟာ စိတ်အားထက်သန်လှတဲ့
လူထု သတင်းထောက်တွေရဲ့အကြောင်းတင်မကဘဲ၊ ဌာနတခု၊ ကုမ္ပဏီတခုအတွက်၊ သတင်းတိုက်တခုအတွက်
အလုပ်လုပ်ရင်း အချိန်ကြာလာတဲ့အခါ သတင်းသမားတွေဟာ သာမန် ရုံးသမားတယောက်လို ၀န်ထမ်းတယောက်လို
ကျင့်ကြံလာတတ်တာကို ဆိုလိုတာလို့ ထင်ပါတယ်။
သတင်းသမားတယောက်ရဲ့ကျင့်ဝတ်တွေ
တာဝန်တွေကို မေ့လျော့လာတတ်တဲ့ လူ့သဘောကို ပြောချင်တာလို့ နားလည်ရပါတယ်။ သတင်းသမားတယောက်မှာရှိတဲ့
ကြီးမားလှတဲ့ တာဝန်တွေကို ပြန်ပြီး မီးမောင်းထိုးပြနေတဲ့ စကားတရပ်လို့ ခံစားရပါတယ်။
ပုံနှိပ်၊ ရေဒီယို၊
တီဗီ၊ အင်တာနက် သတင်းလောကတွေမှာ နှစ်ပေါင်းများစွာ အောင်မြင်တဲ့ သတင်းသမားတဦးဖြစ်ခဲ့သူ၊
နိုင်ငံအတော်များများမှာ သွားပြီး သတင်းထောက်လှမ်းခဲ့သူတဦးရဲ့ ရိုးသားစွာ ၀န်ခံပြောဆိုခဲ့တဲ့
စကားကို ကျေးဇူးတင်မိသလို တန်ဖိုးလည်းထားမိပါတယ်။
သူဟာ အရင်နှစ်ပိုင်းတွေက
လူထု သတင်းထောက် ၈၀ လောက်ကို သင်ကြားပို့ချခဲ့ပြီး သူတို့ဟာ အီဂျစ်လွတ်မြောက်ရေး လှုပ်ရှားမှုမှာ
ဦးဆောင်သူတွေ ဖြစ်လာခဲ့တာပါ။ အီဂျစ် လှုပ်ရှားမှု မစတင်ခင်မှာတော့ ICFJ လို့ ခေါ်တဲ့
နိုင်ငံတကာသတင်းထောက်များအဖွဲ့ရဲ့ အီဂျစ်နိုင်ငံဆိုင်ရာ တာဝန်ခံအဖြစ်နဲ့ သတင်းသမားအလုပ်နဲ့
အသက်မွေးတဲ့သူတွေကိုသာမက ၀ါသနာအရ သင်ယူချင်ကြတဲ့ လူထုသတင်းထောက်တွေကိုပါ လေ့ကျင့် သင်ကြားပေးခဲ့ပါတယ်။
အခုလက်ရှိမှာ မစ္စတာဂါနမ်နဲ့ သတင်းထောက်အဖွဲ့က ၄ ဦးကို အီဂျစ်အစိုးရက တရားစွဲထားတဲ့အတွက်
အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ တရားလိုဘက်က သေဒဏ်အထိချမှတ်ပေးဖို့ တောင်းဆိုတယ်လို့လည်း
သူက ပြောပြပါတယ်။
ဆွေးနွေးပွဲမှာ ပါတဲ့သူတွေကတော့ Yehia Ghanem
(International Center for Journalists), Anahi Ayala Iacucci (Internews), Dale Peskin (WeMedia), Jane Sasseen, Adam Clayton Powell III (University of Southern California) တို့ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို NED မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့ ၂၀၁၂ မှာ ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲအကြောင်း သတိလှမ်းပေးတဲ့ မထားထားမြင့်ကို ကျေးဇူးတင်ပါတယ်။
.jpg)
No comments:
Post a Comment