Close Down This mine
အင်္ဂလိပ်ဘာသာနဲ့ ထုတ်ခဲ့တဲ့ ဒီ ဗီဒီယိုရဲ့နောက်ကွယ်မှာ မုံရွာက ပြည်သူ့သတင်းထောက်လည်း ပါဝင်ပါတယ်။ သတင်းနောက်ကွယ်က စင်မတင်ခဲ့ရတဲ့ သတင်းကတော့ ဒီလိုပါ။
လက်ပံတောင်းတောင်အရေး ဆန္ဒပြလို့ အမျိုးသမီး ၁၂ ဦး အဖမ်းခံပါတယ်။ ၂၀၁၂ စက်တင်ဘာ ၁၀ ရက် တနင်္လာနေ့ကပါ။ နေရာက မုံရွာ ဆုတောင်းပြည့်ဘုရားနားမှာ။
နောက်ဆုံး သူ့ဘက်က စာတကြောင်းဝင်လာတော့မှ သတိထားမိတယ်။ ဆိုင်ပိတ်တော့မှာမို့ ဘာမေးချင်သေးလဲတဲ့။ အတော်အားနာသွားတယ်။ ကိုယ်က ဒီမှာ ရုံးကွန်ပြူတာ၊ ရုံးခန်းထဲမှာ အင်တာနက်ကောင်းကောင်းနဲ့ လုံလုံခြုံခြုံ အလုပ်လုပ်နေတဲ့အချိန်မှာ သူက တပြားတချပ်မှ မရဘဲ အင်တာနက်ဆိုင်မှာ ညလုံးပေါက် အိတ်စိုက်ပြီး ရလာတဲ့ ဗီဒီယိုလေးကို ကြိုးကြိုးစားစား ပို့နေရတာ။ အတော် စိတ်မကောင်း ဖြစ်သွားတယ်။ ဒီလောက်ဆိုရပါပြီ။ ကျေးဇူးပါပဲ လို့ပြောပြီး ရပ်လိုက်ရတယ်။
ဗမာသတင်း ကောင်းကောင်း ရှိတယ်။ စိတ်ဝင်စားသလားလို့ အင်္ဂလိပ်ဌာနကို သွားမေးတယ်။ ဒီကြေးနီစီမံကိန်း ဆိုတာကလည်း ကိုယ်နဲ့က နှစ်ပေါင်းများစွာကတည်းက ရင်းနှီးနေတာဆိုတော့ ဗာရာနသီချီပြီး ပြောပြဖြစ်တယ်။ အပြောပဲကောင်းလို့လား သူတို့ပဲ သတင်းရှာနေချိန်မို့လား မသိပါဘူး။ ကြည့်မယ်လို့ ဆိုတယ်။
အရှေ့တောင်အာရှနိုင်ငံတွေရဲ့သတင်းတွေကိုရွေးပြီး အင်္ဂလိပ်ဘာသာနဲ့ ဗီဒီယိုထုတ်လုပ်သူက ကိုယ်နဲ့ ခင်မင်ရင်းစွဲရှိတယ်။ ဒါပေမဲ့ သူက သတင်းကိုပဲကြည့်ပြီး ရွေးတာ။ လူခင်လို့လည်း မူပြင်မဲ့သူမဟုတ်ဘူး။ ဆိုတော့ ဗီဒီယို ထုတ်ပြတဲ့အချိန် သိလိုက်တယ်။ ဇာတ်လမ်းကောင်းပေမဲ့ ဗီဒီယိုပုံတွေက ခပ်သေးသေး၊ ခပ်ဝါးဝါး၊ အီးမေးနဲ့ ပို့ရတော့လည်း ဒီလောက်ပဲရမှာပေါ့။ ဒါတောင် မုံရွာဖေ့စ်ဘုတ် မိတ်ဆွေက နာရီနဲ့ချီပြီး တင်ပေးရရှာတာ။
တခြားပုံတွေ မရှိတော့ဘူးလားဆိုတော့မှ အရင်လက ရထားတဲ့ကြေးနီစီမံကိန်းက တောင်ဖြိုတူးနေတဲ့ ပုံတွေပြန်ရှာ၊ နောက်ဆုံးတော့ ကိုယ်က လူစိုက်ပြီး အချက်အလက်တွေနဲ့ အင်တာဗျူးလုပ်ပေးရင် သုံးမယ်ဆိုလာတယ်။ အချိန်ကလည်း ၄ နာရီ။ သူက အဲဒီနေ့တရက်ပဲ ရှိမယ်။ ပြီးရင်နောက်နေ့ ခွင့်ယူမှာမို့ အခုအပြီးရိုက် အပြီးတည်းဖြတ် အပြီးတင်လုပ်ရမှာ။
နောက်ဆုံး ကိုယ့်စားပွဲနဲ့ တံခါးကြားက
နေရာလွတ်လေးမှာပဲ ကုလားထိုင်ချ၊ ကင်မရာထောင်ပြီး ရိုက်ဖြစ်ကြတယ်။ တံခါးပေါက်ဆိုတော့လည်း လူတွေက ၀င်လိုက် ထွက်လိုက် တံခါးက ဂျိမ်းဆိုပိတ်သွားလိုက်၊ ပြန်မေးလိုက်၊ ပြန်ပြောလိုက်။
ကင်မရာသမားလည်း အတော် စိတ်ညစ်သွားရှာတယ်။ ဒီလိုနဲ့ပဲ အပင်ပန်းခံပြီး အိတ်စိုက်ပို့ပေးလိုက်တဲ့ မုံရွာကပြည်သူ့သတင်းထောက်ရဲ့ပုံလေးတွေနဲ့ မုံရွာသတင်းလေးကို မြန်မာလိုမတတ်တဲ့ အမေရိကန်သားတွေကြည့်ဖို့ ဒီ ဗီဒီယိုကို ဖြန့်ပေးနိုင်ခဲ့ပါတယ်။
ကျွန်မတို့ သတင်းထောက်စလုပ်တဲ့အချိန် လွန်ခဲ့တဲ့ ၁၄ နှစ်တုန်းက ပြည်တွင်းကနေ သတင်းပေးဖို့ မပြောနဲ့၊ ပြည်ပသတင်းကိုတောင် ရဲရဲနားမထောင်ရဲတဲ့ အခြေအနေကနေ အဖြစ်မှန်ကို ပြောဆိုရဲလာတယ်။ လုပ်ရဲလာတယ်ဆိုတဲ့ ပြည်သူတွေရဲ့ အသံကို ကမ္ဘာက ပီပီသသ ကြားလိုက်အောင် လုပ်ပေးနိုင်လိုက်တယ်ဆိုတဲ့ ကျေနပ်မှုတခု ရလိုက်ပါတယ်။ သံတပွင့်ပဲဖြစ်ပစေပေါ့။
ပြီးခဲ့တဲ့ ၁၉၉၉-၂၀၀၀ လောက်က ဖြစ်မယ်ထင်တယ်။ အဲဒီတုန်းက ကိုယ်က ရေဒီယိုအတွက် သတင်းလိုက်တော့ မုံရွာကြေးနီစီမံကိန်း အကြောင်း ရေးဖြစ်တယ်။ စိတ်က ပိုဝင်စားလာတော့ အဲဒီအကြောင်းကိုပဲ အခန်းဆက် သတင်းဆောင်းပါး လုပ်ဖြစ်ခဲ့တယ်။ အဲဒီတုန်းက ကနေဒါရောက်နေတဲ့ မုံရွာသား သတင်းသမား တယောက်ကို ဆက်သွယ်ပြီး မုံရွာအဆက်အသွယ်တွေ ရခဲ့တာပါ။
အဲဒီတုန်းကတော့ အိုင်ဗင်ဟိုး ကုမ္ပဏီလက်ထက်။ အစိုးရနဲ့ ဖက်စပ်လုပ်တာ။ အိုင်ဗင်ဟိုး ပိုင်ရှင်ဖြစ်တဲ့ ဘီလျံနာ Robert Friedland နောက်ကို လိုက်စုံစမ်းရင်း သူနေတဲ့ စင်္ကာပူ၊ ကနေဒါ တွေကို စုံစမ်း၊ သူက မွန်ဂိုးလီးယားမှာ ကြေးနီ၊ ရွှေသတ္တုတွေ တူးဖော်တယ်ဆိုတာတွေ၊ နောက် အမေရိကန်နိုင်ငံမှာ သူလုပ်သွားခဲ့တဲ့ ကာလိုရားဒိုး ပြည်နယ် စမ်းမစ်ဗီက ရွှေတွင်း တရားစွဲခံရတဲ့အမှုအထိ မီးခိုးကြွက်လျှောက် လိုက်ဖြစ်သွားတယ်။

သူ့ရဲ့ ရွှေတွင်းက စွန့်ပစ်တဲ့ ဆိုင်ရာနိုက်ပါတဲ့ ရေဆိုးကြောင့် အနားမှာရှိတဲ့ ၁ရ မိုင်ရှည်တဲ့ မြစ်တစင်းလုံး အဆိပ်သင့်သွားခဲ့ရတယ်။ အမေရိကန် ရာဇ၀င်မှာ စက်ရုံစွန့်ပစ္စည်းကြောင့် အဆိုးဝါးဆုံး ဖြစ်ခဲ့တဲ့ သဘာ၀၀န်းကျင် ပျက်ဆီးမှုကြီးပါပဲ။ ဒီပတ်ဝန်းကျင်ကို ပြန်သန့်စင်ဖို့ ဒေါ်လာ သန်း ၁၂၀ လောက်ကုန်ကျမယ်လို့ ခန့်မှန်းတယ်။ (နောက်ပိုင်းမှာ ထပ်သိရတာက တရားရုံးက သူ့ကို သန်း ၂၀နဲ့ပဲ ကျေအေးလိုက်တယ်။)
ကနေဒါအခြေစိုက် အိုင်ဗင်ဟို ဥက္ကဋ္ဌနဲ့ ကံကောင်းထောက်မစွာပဲ အင်တာဗျူး ရလိုက်တယ်။ သူကတော့ သူတို့လုပ်တဲ့ သတ္တုတွင်းဟာ ပြောသလောက် အန္တရာယ်မများတဲ့ အကြောင်း၊ မုံရွာစက်ရုံက စွန့်ပစ်ရည်ကို ဘယ်လိုဘယ်ပုံ သန့်စင်ပြီးမှ ပြန်ထုတ်တဲ့အကြောင်း ပြောပါတယ်။ စည်းမျဉ်းစည်းကမ်းတွေ အပေါ် ဥပဒေ သက်ရောက်မှုတွေ ရှိတော့ ကိုယ်က ဘာမှမဟုတ်တဲ့ မီဒီယာပါမွှားလေးဖြစ်ပေမဲ့ ရှင်းပြကြရတယ်။ မီဒီယာကို ရှောင်ရင်သူတို့မှာ ဖုံးကွယ်စရာရှိလို့ဆိုပြီး သူတို့ရဲ့ အစုရှယ်ရာဝင်တွေ က ထင်လာမှာကို မလိုလားကြဘူးလေ။ ဒါပေမဲ့လည်း မုံရွာက စက်ရုံရဲ့လုပ်ရပ်တွေကို ဘယ်သူက စစ်ဆေးသလဲ။ နိုင်ငံတကာ သတ္တုတွင်း စောင့်ကြည့်ရေးအဖွဲ့က ပြောတယ်။ ဒီစစ်ဆေးတဲ့ အဖွဲ့က လွတ်လပ်တဲ့အဖွဲ့ မဟုတ်ဘူးလို့။ ဒါကို ဘာပြောမလဲဆိုတော့ အဖြေကောင်းကောင်း ပြန်မရတော့ဘူး။
ဒီလို နိုင်ငံတွေမှာ သန်း ၁၂၀ အကုန်ခံပြီး ပတ်ဝန်းကျင်ကို ပြန်သန့်စင်နိုင်ပေမဲ့ မြန်မာလို တတိယအဆင့် နိုင်ငံမှာ ဘယ်ကငွေနဲ့ စိုက်ပြီး သန့်စင်မှာလဲ။ ဥပဒေစိုးမိုးတဲ့ နိုင်ငံမှာတောင် ကုန်ကျစရိတ်ရဲ့ ခြောက်ပုံတပုံကိုပဲ ကုမ္ပဏီပိုင်ရှင်က လျှော်သွားတယ်။ ကျွန်မတို့ နိုင်ငံမှာ အပျက်အစီးတန်ဖိုးကို ဘယ်သူတွေက တွက်ချက်ပြီး ဘယ်သူတွေက လျှော်မှာလဲ။ အဲဒီတုန်းက မုံရွာကြေးနီစီမံကိန်းရဲ့ အကျိုးဆက်ဖြစ်တဲ့ သဘာ၀၀န်းကျင်ပျက်စီးမှု၊ လူတွေရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှု။ အဲဒီ အနီးအနားက မွေးလာတဲ့ ကလေးတွေအပေါ် ထိခိုက်မှု၊ ဒါတွေကို ဘယ်သူတွေက စောင့်ကြည့်ပြီး မှတ်တမ်းလုပ်မှာလဲ။ ဒါတွေတွေးရင်းနဲ့ အတော်လည်းစိတ်ပူတယ်။ အတော်လည်း စိတ်မကောင်း ဖြစ်ရတယ်။ ကိုယ်လုပ်နိုင်တာကလည်း တခုပဲရှိတယ်။ ဒီအကြောင်း တတ်သလောက်ရှာပြီး လူတွေသိအောင်လုပ်ဖို့။ တယောက်သိသိ နှစ်ယောက်သိသိ။ အန္တရာယ်ကိုသိရင် ကောင်းမယ်။ ဒါနဲ့ အဲဒီတုန်းက ကြေးနီထုတ်လုပ်တဲ့ လုပ်ငန်းစဉ်အမျိုးမျိုး အကြောင်း၊ မြန်မာပြည်က ထုတ်လုပ်ပုံနဲ့ ရေဆိုးစွန့်ပစ်ပုံ။ ကမ္ဘာတလွှား ကြေးနီသတ္တုစီမံကိန်းတွေရဲ့ အကျိုးအပြစ် ဒါတွေ ရေးဖြစ်ခဲ့တယ်။
နောက် ကျန်းမာရေးရှုထောင့်ကနေ တင်ပြဖို့လိုက်ရှာတော့ ကနေဒါက ဒေါက်တာ ခင်စောဝင်းက မေတ္တာနဲ့ ကူညီရှင်းပြပြောပေးတယ်။ အဲဒါနဲ့ပဲ အဲဒီတုန်းက ကြေးနီဇာတ်လမ်းတွဲကြီး ဖြစ်သွားခဲ့ပါတယ်။ အဲဒီကနေ ၁၀ နှစ်လောက်ကြာတဲ့အချိန်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး လူတွေက ပွင့်ပွင့်လင်းလင်း ဆန္ဒတွေ ဖော်ထုတ်လာတာတွေ့ရတော့ တာဝန်သိသိ ပို့ပေးလာတဲ့ ဗီဒီယို အပိုင်းအစတွေနဲ့ တာဝန်တပိုင်းတစကို ဆက်ဖြစ်ခဲ့တယ်လို့ပဲ ပီတိသောမန ဖြစ်ရပါတယ်။
(မှတ်ချက်။ ။ အထက်က ဗီဒီယိုကို အာအက်ဖ်အေသတင်းဌာနမှာ ၀န်ထမ်းဖြစ်ခဲ့စဉ်က ထုတ်ခဲ့တာဖြစ်ပြီး သတင်းဌာနရဲ့မူပိုင်ဖြစ်ပါတယ်။)

လာလည်တယ်နော်
ReplyDelete