Monday, August 26, 2013




"အနီးမှုန် အဝေးမှုန်နှင့် အမြင်တိမ်းစောင်းမှုများ"

နီးကပ်လွန်းသောအရာကို မြင်ရန်၊ ဝေးလွန်းသောအရာကို မြင်ရန် လူတို့မျက်စေ့က မစွမ်းဆောင်နိုင်ပါ။ သာမန်အခြေအနေတွင် ရှိနေချိန်တွင်ပင် မြင်ရန်ခက်သောမျက်စေ့များသည် အားနည်းချက်ကြောင့်၊ ချွတ်ယွင်းချက်ကြောင့် အသက်အရွယ်ကြောင့် အနီးမှုန် အဝေးမှုန်တို့ ဖြစ်လာကြသည်။ ထိုအခါ မျက်မှန် မှန်ဘီလူးကို အသုံးပြုလာကြသည်။ မျက်စေ့တလုံးချင်း၏ အားနည်းချက်၊ ချွတ်ယွင်းချက်ပေါ်မူတည်ပြီး မည်သို့သော မှန်ဘီလူးပါဝါကို တပ်သင့်သည်ဆိုသည်ကို သတ်မှတ်ခြင်းဖြစ်သည်။ ထိုပါဝါကလည်း အချိန်ကိုလိုက်ပြီး အပြောင်းအလဲရှိနေသည်။ အခြေအနေကိုလိုက်၍ ပါဝါပြောင်းလဲရသည်။

ဤသည်ကား အမြင်အာရုံ၏ ချွတ်ယွင်းချက်ဖြစ်သည်။

သို့သော် လူတယောက်၏အမြင်ကို မိမိကြည့်နေသည့် အရာ၏ အနီးတွင် ရှိနေသော ပစ္စည်းများ၊ ပုံစံများ၊ အရောင်များက လွှမ်းမိုးမှုရှိနေသည်ကို အံ့သြစွာတွေ့ရသည်။ သိပ္ပံပြပွဲတခုတွင် လူအများရှေ့တွင်ပင် အပြာရောင် သုတ်ထားသည့် အပြားငယ်ကို ပြသထားသည်။ ယင်းအနီးတွင် ကပ်လျက် ထားရှိသော အခြားအရောင်ကို လဲလှယ်ခြင်းဖြင့် အဆိုပါအပြာရောင် သုတ်ထားသည့် အပြားငယ်၏ အရောင်လည်း မီးခိုးရောင်သို့ ပြောင်းလဲ သွားသည်။ မျက်လှည့်မဟုတ်ပါ။ အမှန်စင်စစ် အရောင်ပြောင်းလဲသွားခြင်း လည်း မမဟုတ်ဘဲ အမြင်ပြောင်းလဲသွားခြင်းသာ ဖြစ်သည်။ နဘေးမှာရှိသော အရောင်က မိမိ၏အမြင်အာရုံအပေါ် လှည့်ဖျား လွှမ်းမိုးသောကြောင့် ဖြစ်သည်။ ထိုပြပွဲကို သွားရောက်ကြည့်ရှုနေသူ ပရိသတ်များ တအံ့တသြရှိကြသည်။ မိမိအတွက်လည်း ယင်းအံ့သြစရာ အမြင်အာရုံ လှည့်ဖျားမှုမှ ဆက်လက်တွေးတောစရာများ ဖြစ်လာစေသည်။ မိမိတွေ့နေသော အရာများက အရှိအတိုင်း မဟုတ်ကြ ဆိုသည့် အတွေးပင်ဖြစ်၏။


မိမိတို့၏ အမြင်ကို မည်သည့်အရာများက လွှမ်းမိုးပါသနည်း။

သိပ္ပံပညာရှင်များ၏ လေ့လာ စမ်းသပ်ချက်များအရ အသံ၊ အနံ့၊ ရာသီဥတု အစရှိသည့် တခြားအာရုံများကို ထိခတ်လာမှုများက လွှမ်းမိုးသည်။ မိမိအသိဥာဏ်အတွင်း သိုမှီးသိမ်းဆည်းထားသော မြင်ဖူး တွေ့ဖူး ကြားဖူး မှတ်သားဖူးသော အရာများကလည်း အမြင်အာရုံကို လွှမ်းမိုးမှုရှိ၏။ ထို့ကြောင့် ရုပ်ဝတ္တုတခုကို လူများ မြင်ပုံမတူကြခြင်း ဖြစ်သည်။

ဗုဒ္ဓရုပ်ပွားတော်ကို ဘာသာဝင်မဟုတ်သူများက အနုပညာမျက်စေ့ဖြင့် ကြည့်သည်။ ကြည့်ရသည်မှာ အေးချမ်းမှုရှိသည် အနုပညာလက်ရာ အရ နှစ်လိုဘွယ်ရှိသည်ဟု မြင်သည်။ မိမိဘာသာမဟုတ်၍ ကိုးကွယ်မှု မရှိသော်လည်း အနုပညာလက်ရာတခုအဖြစ် အိမ်များတွင် ထားကြသည်။ ဘာသာဝင်ဖြစ်သူ မိမိတို့အတွက် ကြည်ညိုကိုးကွယ်ရာအဖြစ် မြင်သည်။ ထိုရုပ်ပွားတော်ကို ဘုရားစင်တွင်သာ တင့်တယ်သည်ဟု လက်ခံထားသည်။ ထိုမှတပါး တခြားနေရာတွင် မမြင်လိုပါ။ လက်မခံနိုင်ပါ။

ဘာသာရေးအစွမ်းရောက်သူမဟုတ်သည့် မိမိသည်ပင်လျှင်၊ ရံဖန်ရံခါမှသာ ဘာသာရေးပွဲလမ်းများကို ထုံးတန်းစဉ်လာအရ သွားသူ၌ပင်လျှင် ထိုအမြင်က ရှိနေသည်။ မိမိသက်တန်းထက်ဝက်ခန့်က အနောက်နိုင်ငံ တွင် နေထိုင်ခဲ့သည့် နိုင်ငံတကာ အတွေ့အကြုံရှိသူပင်လျှင် ထို သိရှိ မှတ်သားဖူးသည့် စင်ပေါ်မှ ဗုဒ္ဒရုပ်ပွားပုံ၏ လွှမ်းမိုးမှု ကြီးလှသည်။

၁၉၈၉ ခုနှစ်လောက်က ဖြစ်သည်။ ဂျာမဏီနိုင်ငံက အိမ်ထောင် ပရိဘောက ထုတ်ကုန်ကြော်ငြာ လက်ကမ်းစာစောင်တခုကို မိမိစာတိုက်ပုံး ထဲတွင် တွေ့ရသည်။ မျက်နှာဖုံးတွင် အိပ်ခန်းကို အလှဆင်ထားသည့် ပုံပြထားသည်။ လှပသည့် ယောက်အိပ်ကုတင်နှင့် မွေ့ရာပေါ်တွင် အနီရောင်ဖဲစ အိပ်ရာခင်းကို ခင်းထားသည်။ အိပ်ရာကထခါစ ပုံစံနှင့်မွေ့ရာခြေရင်းပိုင်းတွင်  အမျိုးသမီးအောက်ခံအင်္ကျီ တင်ထားသည်။ အိပ်စက်အနားရခဲ့သည်ဟူသော သရုပ်ကို ပြထားခြင်းဖြစ်သည်။ မနက်ခင်း၏ ကြည်လင်မှုကို ပြသည့်အနေနှင့် အဆိုပါ အင်္ကျီပေါ်တွင် သစ်သားနှင့် ထုထားသော ဗုဒ္ဒရုပ်ပွားတော်ကို တင်ထားသည်။

အနုပညာအမြင် ဒီဇိုင်းအမြင်အရ အလွန်လှပသော အခင်းအကျင်း ဖြစ်သည်။ သို့သော် ဗုဒ္ဒရုပ်ပွားတော်ကို ထိုနေရာတွင် မမြင်ဖူးသည့် မိမိအတွက် တုန်လှုပ်ခဲ့ရသည်။ တပြိုင်နက်တည်းမှာပင် မကျေမနပ်ဖြစ်လာသည်။ ဘာသာရေးအရ နှိမ့်ချစော်ကားခြင်းဟု "မြင်" သည်။ ထိုကြောင့် မိမိကို လက်ခံဖိတ်ကြားထားသော မိသားစုကို ပြောပြအကူအညီတောင်းပြီး အဆိုပါကြော်ငြာကုမ္ပဏီကို ဆက်သွယ်ခဲ့သည်။ ဖုန်းပေါ်တွင်ပြောဆိုနေသည့် မိမိအသံများ တုန်ယင်နေသည်ကို ကိုယ်တိုင် သတိပြုမိသည်။ တဖက်က တောင်းပန်ပြီး နောက်နောင်ဤသို့သော ဘာသာရေးရုပ်ထု ပစ္စည်းများကို အသုံးမပြုတော့ပါဟု အာမခံခဲ့သည်။ ဗုဒ္ဓနှင့် ပထမဆုံးအကြိမ် အနောက်တိုင်းတွင် တွေ့ဆုံမိခြင်း ဖြစ်သည်။

နှစ်များလွန်မြောက်ခဲ့သည်။ တခုသောနေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ သွားရောက် လည်ပတ်ရင်း လမ်းဘေးက အနုပညာ ပစ္စည်းရောင်းသည့် ဆိုင်တန်းများကို ပြူတင်းပေါက်မှ လမ်းလျှောက်ရင်းငေးမောကြည့်သွားဖြစ်သည်။ အနောက်တိုင်း ပန်းချီ ပန်းပု၊ ဈေးမျိုးစုံ၊ ခေတ်မျိုးစုံ၊ လက်ရာမျိုးစုံကို မှီသလောက်လှမ်းကြည့်ရင်း တဆိုင် တွင်တော့ အလိုအလျောက် ရပ်တန့်သွားသည်။ ပေခန့်အမြင့်ရှိသည့် မန္တလေးမတ်ရပ်ကိုယ်တော်သည် မှန်ကာထားသည့် အပြင်မှမြင်ရသည့် ပြခန်းတွင် မတ်မတ် ရပ်နေတော်မူသည်။

မြန်မာ့အနုပညာရှေးဟောင်း ပစ္စည်းများ နိုင်ငံပြင်ပကို နည်းမျိုးစုံနှင့် ထွက်ခွာနေသည်ဟု စိတ်မကောင်းစွာ တွေးရင်း ဆိုင်အတွင်းခန်းသို့ ၀င်လိုက်သည်။ တဆိုင်လုံးတွင် မြန်မာ၊ ကမ်ဘောဒီးယား၊ အိန္ဒိယ ပုံစံ ဗုဒ္ဓရုပ်ပွားတော်များနှင့် ပြည့်နေသည်။ မတိုက်မိ မနင်းမိအောင် သတိထားဝင်ရသည်။ အဟောင်းများလည်း ပါကောင်းပါမည်။ အဟောင်းနှင့် သဏ္ဍာန်တူအောင်တုထားသော အဟောင်းတုများလည်း ပါသည်။ ဆိုင်ရှင်ကို ဤရုပ်ထုများဘယ်ကလာသလဲ မေးကြည့်ရာ ချင်းမိုင်မှဟု ဆိုသည်။ လိုချင်သည့် ရုပ်ထုမှာပေးလို့ရသည်ဟု သူက ကမ်းလှမ်းသည်။ ရုပ်ပွားတော်များ၏ဈေးက ဒေါ်လာ ၅၀ တန်းမှ ဒေါ်လာ ၅ထောင်တန်းခန့်အထိ အရွယ်အစား၊ လက်ရာပေါ်မူတည်၍ရှိကြောင်း ဆိုင်ရှင်က ရှင်းပြသည်။ သစ်ထု၊ ယွန်း၊ ကြေး၊ ငွေ၊ ဘော်နှင့် ပစ္စည်းအမျိုးအမည်မသိသော ဗုဒ္ဓရုပ်ထု စသဖြင့် စုံလင်လှသည်။

အနေဂဇာမတင်ရသေးသော ရုပ်ပွားတော်ကို ရုပ်ထုဟုသာ သတ်မှတ်ရမည်ဟု မိမိကိုယ်မိမိ သတိပေးလိုက်ရသည်။

အနုပညာလက်ရာမြောက်သော ရုပ်ထုများသည် ကျဉ်းကျပ်လှသော အခန်းထဲတွင် နေရာအပြည့် အဆင်ပြေသလို ချထားသော်လည်း ကြည့်ရသည်မှာ လှပကြက်သရေရှိလှသည်။ ကြည့်ရသည်မှာ စိတ်ကြည်လင်လှသည်။ အနုပညာလက်ရာကြောင့်လား၊ ဘာသာရေးမှတ်ဥာဏ်ကြောင့်လားတော့ မသိပါ။ ဒီလောက်လှတော့လည်း သူတို့လည်း လိုချင်မှာပေါ့လေ - ဟု ဖြေလျော့တွေးလိုက်သည်။

အင်တာနက်ပေါ်တွင် မြန်မာလက်မှုအနုပညာဟု ရိုက်ပြီး ရှာကြည့်သော အခါ မြန်မာနိုင်ငံမှ ဗုဒ္ဓရုပ်ထုများနှင့် တခြားဘာသာရေးဆိုင်ရာ အနုပညာ လက်ရာများကို အီးဘေး ခေါ် ဈေးချလေလံခေါ်သော အရောင်း စာမျက်နှာတွင် တပုံတပင်တွေ့ရသလို မြန်မာနိုင်ငံမှ လက်မှုအနုပညာ လက်ရာများ တင်ပို့ရောင်းချသည့် ၀ဘ်စာမျက်နှာများလည်း တွေ့ရသည်။ ဗုဒ္ဓရုပ်ထုနှင့် ခေါင်းပုံအမျိုးမျိုးကိုလည်း အရွယ်ကိုလိုက်ပြီး ဒေါ်လာခန့်မှစ၍ ထောင်ဂဏန်းအထိ ရောင်းချနေသည်။
 


မိမိမမြင်လိုသော ကြော်ငြာများတွင် မထဲ့ကြရန် မျှော်လင့်၍မရတော့ပါ။ မိမိမမြင်လိုသော နေရာတွင် အလှအပ အဆင်တန်ဆာအဖြစ် မတွေ့ချင်လို့လည်း မရတော့ပါ။ ထိုရုပ်ထုများကို ကိုးကွယ်ရန် ထုတ်လုပ်ခြင်းထက် အဆင်တန်ဆာများအဖြစ် ထုတ်လုပ်ပြီး နိုင်ငံခြားကို တင်ပို့နေကြ၍ဖြစ်သည်။ ဘုရားစောင်းတန်းတွင် အိမ်ရှိဘုရားစင်အတွက်
ရောင်းချခြင်း မဟုတ်ကြပါ။ ရောင်းသူက ရောင်း၍ သယ်သူကသယ်ပြီး ပိုင်ဆိုင်သူက သူထားလိုရာထားသည်ကို တား၍မရနိုင်တော့ပါ။ စိတ်ထဲတွင်တော့ မရှင်းလှတာ အမှန်ပင်။

နောက်ပိုင်း အကြိမ်များစွာ ဗုဒ္ဓနှင့် တွေ့ဆုံမိရာတွင် အနုပညာ ယဉ်ကျေးမှု
ပြတိုက်များအပြင် အရောင်းဆိုင်များတွင် တွေ့ရသော၊ ငါးကန်အလှဆင် သည့် ဗုဒ္ဓခေါင်းနှင့်ဆင်သည့် အရုပ်များကို တွေ့သော၊ အဟောင်းပစ္စည်း ဈေးတန်းတွင်တွေ့ရသော အခါများတွင် ကြည်လင်သော အေးမြသော စိတ်ချမ်းမြေ့မှုကိုပေးသော နှစ်သက်ဘွယ် အနုပညာရုပ်ထုဟုသာ စိတ်ဖြေလျော့၍ ကြည့်ရသည်။ ထိုအခါ အတိုင်းအတာတခုလောက် အထိတော့ ပြောင်းလဲမြင်လာသည်။

ထိုအချိန်တွင် ၀ါရှင်တန်ကို ရောက်လာသော ချစ်ခင်လေးစားရသော ဆရာကြီးဦးတင်မိုးက သူ၏ ကဗျာစာအုပ်ငယ်လေးတအုပ်ကို လက်ဆောင်ပေးလာသည်။ သူကိုယ်တိုင်လည်း ဖတ်ပြသည်။ မျက်နှာဖုံးတွင် မိမိကို နှစ်ပေါင်းများစွာ ဒွိဟဖြစ်ခဲ့သော ဗုဒ္ဓရုပ်ပွားတော်ပုံ ကို တင်ထားသည်။ ကဗျာအမည်ကား "ဗုဒ္ဓနှင့် တွေ့ဆုံခြင်း"

ဘာမဟုတ် ညာမဟုတ်နဲ့
ငါဗုဒ္ဓဘုရား ကိုတောင်မှ
ရှေးဟောင်းပစ္စည်းတွေ အကြားမှာ
ရောင်းစားခံရ
စီးပွားရေးမျက်စိ စူးရှတဲ့
ဒီလိုဥရောပမှာ
မင်းက ဘာလာလုပ်သလဲတဲ့
ဗုဒ္ဓက မေးတော်မူတယ်။

ကိုယ်တော် မသိလို့နော်
ကိုယ်တော်သာ မြန်မာနိုင်ငံမှာရှိရင်
ပူဇေမိ အမျိုးမျိုးနဲ့
ရှိခိုးခံရမှာတော့ အမှန်ပါပဲ။
ဒါပေမယ့်
မမှန်တာတွေပြော၊ မမှန်တာတွေဟောနေရ
ကိုယ်တော်က ဗုဒ္ဓေါတ,မိပြီး
ပြေးကြွချင်မှာ သေချာတယ်။
မမှန်တာတွေ ပြောတော့လဲ
သံသရာတကြောမှာ
အဖန်တရာ မောနေဦးမှာကိုး ဘုရာ့။

ဟူ၍ ဆရာတင်မိုးကဗျာက အစချီသည်။ ကိုယ်တိုင်ရွတ်ပြနေသော ဆရာက အသံနှင့် ဌာန်နှင့် ခပ်ဖြေးဖြေးပဲ ရွတ်ဆိုသည်။

လက်နက်ကိုင်စစ်တပ်က
အရပ်ရပ်နေပြည်တော်
ကြားလို့မှ မလျော်အောင်
အော်ဒါတွေထုတ် မတော်တာတွေလုပ်နေတော့
ဗုဒ္ဓကိုကြိုးတုပ်
အချုပ်ထဲသွင်းရင် မခက်ပါလား။

မြန်မာနိုင်ငံတွင်း စစ်အုပ်ချုပ်မှု၊ တရားမဲ့မှုများကို စာဖွဲ့ထားရင်း တပုဒ်တွင်မူ မိမိ၏ ၀ိရောဓိကို ဖြေပေးသည့် ဆရာ့အရေးအဖွဲ့ကို စိတ်မောစွာ၊ နှစ်ခြိုက်စွာ၊ ရင်နှင့်စွာ နားထောင်ရသည်။

ကိုယ်တော့်အဖို့ကတော့
ဥရောပ စူပါမားကတ်မှာ
ငြိမ်သက်စွာ စံပယ်တာကမှ
အန္တရာယ်ခပ်သိမ်း၊ ကင်းပျောက်ငြိမ်းပြီး
သိန်းသန်းမက တန်ဖိုးတက်
ဗုဒ္ဓ ဗုဒ္ဓ ဆိုပြီး
နှုတ်ဟလို့ အမြွက်ခံရဦးမယ်။
စိတ်လက်မသာ ရှိတော်မမူပါနဲ့ ဘုရား။

အမြင်များကို ၎င်းအားလွှမ်းမိုးရိုက်ခတ်မှုရှိသည့် အာရုံများက ပြုပြင်သည် ဆိုလျှင် ဆရာကြီးဦးတင်မိုး၏ ဗုဒ္ဓနှင့်တွေ့ဆုံခြင်း က မိမိအနာအတွက် ရည်ရွယ်သော ဆေးမဟုတ်သော်လည်း အမြင်တခုကို တည့်ပေးလိုက်ခြင်းဖြစ်ကြောင်း မပြောဖြစ်ခဲ့သည့် ကျေးဇူးစကားကို ဆိုချင်လှပါတော့သည်။

နောင်သောအခါ ကိုးကွယ်ရာအဖြစ် ဘုရားစင်တွင်တွေ့ရသည့် ဗုဒ္ဓရုပ်ပွားတော်ကို ကြည်ညိုစိတ်ဖြင့် မြင်နိုင်ပြီး ထိုမှတပါး လှပသော အနုပညာလက်ရာဟုသာ မြင်လိုက်ပါတော့သည်။
အနေဂဇာတင်ထားသော ရုပ်ပွားတော်သည် ဂုဏ်အင်္ဂါနှင့် ပြည့်စုံသော ဆည်းကပ်ရာကိုယ်တော်ဖြစ်ပြီး အနေဂဇာမတင်သော ရုပ်ပွားတော်သည် အသွင်သာတူသော ရုပ်ထုတခု ဖြစ်သည်ဟူ၍။

အနီးမှုန်သူ အဝေးမှုန်သူများနှင့် မိမိကဲ့သို့ အမြင်စောင်းနေနိုင်သူများလည်း ဆရာကြီးကဲ့သို့သော အမြင်ကို ပြင်ပေးမည့်သူများနှင့် တွေ့ကြပါစေဟု ဆုတောင်းမိပါကြောင်း။

ရေးသားသူ- ခင်မေဇော်                                    


No comments:

Post a Comment