Wednesday, June 26, 2013


ပြည်တော်ပြန်သည့် အမှိုက်များ

ခင်မေဇော် (၀ါရှင်တန်ဒီစီ)

လျှပ်စစ်ပစ္စည်း အစိတ်အပိုင်း အများအပြားကို တရုတ်နိုင်ငံမှာထုတ်ပါတယ်။ ကွန်ပြူတာ၊ ဆဲလ်ဖုန်း၊ တီဗီ၊ ရေခဲသေတ္တာ၊ လေအေးစက်၊ ကားတွေမှာ သုံးတဲ့အစိတ်အပိုင်းတွေပါ။ တကမ္ဘာလုံးကို လှည့်ပတ်ပြီး ပျက်ဆီးဟောင်းနွမ်း စွန့်ပစ်ခံရတဲ့အချိန်မှာတော့ သူတို့ဟာ မွေးရာအရပ်မှာ ပြန်ပြီးခေါင်းချကြတယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ စွန့်ပစ်လျှပ်စစ်ပစ္စည်းဟောင်းတွေဟာ တရုတ်မှာ လာပုံနေလို့ပါပဲ။ 


တရုတ်ပြည်အရှေ့တောင်ဘက် ဂီယုမြို့နယ်မှာ စက်မှုဇုံကြီး ရှိပါတယ်။ အဲဒီကို စုပြုံရောက်လာကြတဲ့ ဒီစက်ပစ္စည်းအမှိုက်တွေကို လူထောင်နဲ့ချီပြီး မြေပေါ်ဆောင့်ကြောင့်ထိုင်ဖြုတ်နေကြတာက
 နေ့တဓူဝ မြင်ကွင်း ဖြစ်နေပါပြီ။ ထောင်ပေါင်းများစွာသော အလုပ်သမားတွေကလည်း ပစ္စည်းဖြုတ် ၀ိဇ္ဇာတွေ ဖြစ်နေကြပါပြီ။ 

လမ်းတိုင်းလမ်းတိုင်းရဲ့ လမ်းဘေးတွေမှာ ပလက်ဖောင်းပေါ်ထိုင်ပြီး တူနဲ့ဝက်အူနဲ့ စက်တွေကို တစချင်း မြန်မြန်ဆန်ဆန်ပဲ ဖြုတ်နေကြပါတယ်။ ပလတ်စတစ်၊ ၀ိုင်ယာ၊ လျှပ်စစ်ကြိုးနဲ့ တခြား အမှိုက်တွေကို သူ့အပုံနဲ့သူ။ ပစ္စည်းတွေကိုလည်း ပြန်ရောင်းလို့ ရမယ့်တန်ဖိုးအလိုက် ခွဲပြီး ပုံထားပါတယ်။ တချို့နေရာမှာဆိုရင် လူတွေက လယ်ကွင်းထဲ ကောက်ရိတ်သိမ်းနေသလိုတောင် ထင်ရလောက်အောင် ဒူးလောက်မြှုပ်နေတဲ့ ပလတ်စတစ်အခင်းကြီးထဲ အပုံကြီးထဲရောက်နေကြတာပါ။
ကုလသမဂ္ဂရဲ့ လေ့လာချက်တွေအရ တကမ္ဘာလုံးက စွန့်ပစ်စက်ပစ္စည်း ၇၀% ဟာ တရုတ်နိုင်ငံကို
 ရောက်လာတယ်လို့ Greenpeace ဘေဂျင်းရုံးက မတီယမ်ဂျီ က ပြောပါတယ်။ ဒါပေမဲ့ ဒီစွန့်ပစ်စက် ပစ္စည်းတွေဟာ တရားမ၀င်လမ်းကြောင်းက ၀င်လာကြတာပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီကို ဖွံ့ဖြိုးပြီးနိုင်ငံတွေက အန္တရာယ်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေ တင်ပို့ခွင့် မရှိပေမဲ့ ဒီပစ္စည်းတွေကတော့ ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံတွေကနေ
 ရောက်လာကြတာပါ။

အလုပ်ရုံတခုမှာဆိုရင် ပလတ်စတစ် ချစ်ပြားလေးတွေ တောင်းအပြည့်ကို အရည်တွေထဲ့ထားတဲ့ ပုံးထဲသွန်ထဲ့လိုက်ပြီး လက်ဗလာနဲ့မွှေနေတာ တွေ့ရပါတယ်။ 
 "ကျနော်တို့က ဒီပလပ်စတစ်တွေကို Foxconn ကို ရောင်းတယ်-" လို့ အလုပ်သမားက ပြောပြပါတယ်။ အဲဒါကတော့ တိုင်ဝမ်ကုမ္ပဏီတခုပါ။ Apple, Dell, Hewlett-Packard တို့အတွက် ပစ္စည်းတွေ ထုတ်ပါတယ်။ 


ဒီနေရာဟာ ကမ္ဘာမှာ အကြီးဆုံး စွန့်ပစ် လျှပ်စစ်ပစ္စည်းကို ပြန်လည်သုံးစွဲဖို့ လုပ်တဲ့နေရာပါ။ ဒါပေမဲ့ ဂီယု က လုပ်ငန်းဟာ အန္တရာယ်များလှပါတယ်။ ပြန်လည်သုံးစွဲဖို့ စနစ်တကျလုပ်ရင် သဘာ၀၀န်းကျင် အတွက် ကောင်းပါတယ် လို့ မတီယမ်ဂျီက ပြောပါတယ်။ ဒါပေမဲ့ ဂီယုမှာ လုပ်နေကြတဲ့ နည်းကတော့ အင်မတန်ကို ခေတ်နောက်ကျပါတယ်။ အားလုံးကို လက်နဲ့လုပ်နေကြပြီး ဘာစည်းကမ်းသတ်မှတ်ချက်မှ မရှိကြပါဘူး။

လျှပ်စစ်စွန့်ပစ်ပစ္စည်း တွေကြောင့် ဂီယုဟာ သဘာ၀၀န်းကျင် ကပ်ဆိုးကြီးကို ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂရဲ့ ဧပြီလ ၂၀၁၃ အစီရင်ခံစာက ဆိုပါတယ်။
လျှပ်စစ်ပစ္စည်းတွေ၊ ပလပ်စတစ်၊ ကြေးနီဝိုင်ယာကြိုးတွေကို မီးရှို့လို့ထွက်လာတဲ့ အဆိပ်ငွေ့တွေ၊ ဟိုက်ဒြိုကလိုရစ်အက်ဆစ်နဲ့ဆေးပြီး တန်ဖိုးရှိတဲ့ ကြေးနီနဲ့ သံလိုပစ္စည်းမျိုးထုတ်ယူလို့ ထွက်လာတဲ့ ညစ်ညမ်းတဲ့အငွေ့တွေဟာ  ဒေသတခုလုံးကို ဖုံးလွှမ်းနေပါတယ်။ ဒီအလုပ်တွေနဲ့ပဲ အလုပ်သမားတွေနဲ့ ပတ်ဝန်းကျင်တခုလုံး ပြင်းထန်တဲ့အဆိပ်တွေဖြစ်တဲ့ ခဲ၊ ဘယ်ရီလီယမ်၊ ကက်ဒ်မီယမ်တွေနဲ့ လေထု
 ရေထု မြေထုထဲကို စိမ့်ဝင်ရောက်ရှိနေပြီလို့ သိရပါတယ်။ ဂီယုဒေသကို ပထမဆုံးရောက်ဖူးသူဆိုရင် မျက်စေ့တွေ နှာခေါင်းတွေ စပ်ပြီး လောင်မြိုက်နေတာကို ချက်ခြင်းသတိပြုမိကြပါတယ်။

ရှန်တောင်တက္ကသိုလ်ရဲ့ ဆေးကောလိပ်လေ့လာမှုအရ ဂီယုမှာရှိတဲ့ ကလေးတွေရဲ့ သွေးထဲမှာ ခဲဓာတ်ပါဝင်နှုန်း သာမန်ထက်ပိုမြင့်နေတာ တွေ့ရပါတယ်။ ခဲဓာတ်ဟာ ကလေးတွေရဲ့ ဦးဏှောက် ဖွံ့ဖြိုးရေးနဲ့ ဗဟိုနဗ်ကြောဖွံ့ဖြိုးရေးကို ရပ်တန့်သွားစေပါတယ်။ 

သုံးမရတဲ့ စက်ပစ္စည်းအပုံကြီးကိုတော့ မြို့ပြင်က ရွှံ့နွံတွေပေါ်မှာ ပုံထားလိုက်ကြပါတယ်။ အဲဒီမှာလည်း ကျွဲတွေရဲ့စားကျက်ဖြစ်ပြီး Hewlett-Packard. IBM, Epson, Dell ဆိုတဲ့တံဆိပ်တွေပါတဲ့ လျှပ်စစ်ပစ္စည်း အပိုင်းအစပုံတွေ ပတ်လည်ဝိုင်းနေတဲ့ အဲဒီနားက ကန်ရေထဲမှာပဲ ကျွဲတွေ ရေစိမ်ကြပါတယ်။
ကျွဲတွေဟာ ကွန်ပြူတာနဲ့ တီဗီတွေက ဖြုတ်ထားတဲ့ ဖန်ကွဲစ မှန်ကွဲစတွေပေါ်တက်နင်းမိကြသလို အဲဒီမှန်သားပြင်မှာပါလာတဲ့ ပြဒါးရည်တွေထဲ ကူးခတ်နေကြရပါတယ်။ ပြဒါးတွေက အထူးသဖြင့် ငါးတွေရဲ့ ကိုယ်ထဲမှာ သွားစုနေကြပါတယ်။ အစာကွင်းစက်ထဲ ၀င်ရောက်သွားပါတယ်။

ဂီယုမှာ အလုပ်လာလုပ်ကြတဲ့သူအများစုဟာ တရုတ်ပြည်ရဲ့ တခြားဒေသက လာကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဖြစ်ပြီး ပညာအားဖြင့်လည်း နိမ့်ကျကြပါတယ်။ ဖြစ်လာမယ့်အန္တရာယ်ကိုလည်း
 လျှော့တွက်ကြပါတယ်။
"အန္တရာယ်ရှိတာတော့ ရှိတာပေါ့။ ဒါပေမဲ့ ဒီမှာနေတဲ့လူတွေ မျိုးဆက်နဲ့ချီလုပ်နေတာ၊ သူတို့ကျန်းမာရေးကို ဒီလောက်ကြီး မထိခိုက်ပါဘူး"- လို့ အလုပ်သမတယောက်က ပြောပါတယ်။
အစိုးရက ၀င်ရောက်တင်းကြပ်လိုက်တော့ အခုအခြေအနေတွေ အရင်ကထက်ပိုကောင်းလာတယ်လို့လည်း အလုပ်သမားတယောက်က ပြောပါတယ်။ ၂၀၀၇ ခုနှစ်ကဆိုရင် အခုထက်ကို အများကြီး ပိုဆိုးတယ်လို့ သူကဆိုပါတယ်။

ဒါပေမဲ့ ဒီလုပ်ငန်းမှာမလုပ်ဘဲ လယ်ယာစိုက်ပျိုးတဲ့သူတွေကတော့ ဒီ ဂီယုက တွင်းရေကို သူတို့ မသောက်ရဲဘူးလို့ ပြောပါတယ်။ အ၀တ်လျှော်ရင်တောင် အဖြူရောင် အ၀တ်က အ၀ါရောင်ဖြစ်သွားတယ် လို့ ပြောပြပါတယ်။ သူတို့စိုက်တဲ့ ဆန်ကိုတောင် ရောင်းပဲရောင်းပြီး ကိုယ်တိုင်တော့ မစားရဲဘူးလို့
 နောက်လယ်သမားတယောက်ကလည်း ပြောပါတယ်။ ဘယ်သူတွေစားသလဲလို့ မေးတော့-
"ကျနော်ဘယ်သိမလဲဗျာ။ ရောင်းလို့တော့ ကုန်သွားတာပဲ။ ဒါပေမဲ့ ဂီယုမှာ စိုက်သည် လို့တော့ သူတို့ တံဆိပ်မတပ်ရဲတာ အမှန်ပဲဗျ။ တခြားဒေသနာမယ်တွေ တပ်ပြီးရောင်းမှာပဲ။"

ဖြစ်နိုင်ပါတယ်။ မေလ အစောပိုင်းမှာ ဒီနေရာနဲ့ ကီလိုမီတာ ၄၀၀ လောက်ဝေးတဲ့ ဂွမ်ဇုမြို့က ဆန်နဲ့ ဆန်ထွက်ပစ္စည်းတွေမှာ ကက်ဒ်မီယမ်ပါဝင်နှုန်းမြင့်နေတာ တွေ့ရတာကလည်း အံ့သြစရာတော့ မဟုတ်တော့ပါဘူး။ ဂွမ်ဇုက အစားအစာနဲ့ ဆေးဝါးအုပ်ချုပ်ရေးဌာနက စားသောက်ဆိုင်တွေ၊ အစားအစာရောင်းသူတွေ၊ တက္ကသိုလ် ၂ ခုရဲ့စားသောက်ခန်းက ဆန်နဲ့ ဆန်ထွက်ပစ္စည်းနမူနာယူပြီး စစ်ကြည့်တော့ အခုလို တွေ့ခဲ့ရတာပါ။ 

မီဒီယာတွေရဲ့မေးခွန်းတွေကိုတော့ အာဏာပိုင်တွေက ဖြေကြားခြင်း မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံတကာစက်ပစ္စည်းအမှိုက်တွေ ၀င်လာမှုကိုတော့ အစိုးရပိုင်းက ထိမ်းကွပ်လိုက်ပုံရပါတယ်။ ပစ္စည်း အ၀င်နဲသွားတယ်လို့ ဂီယုလုပ်ငန်းရှင်တွေက ငြီးငြူကြပါတယ်။ စီးပွားရေးထိခိုက်တယ်လို့ ဆိုကြပါတယ်။ 

တရုတ်အစိုးရက ပြည်ပက လျှပ်စစ်ပစ္စည်းအမှိုက်တွေကို ကန့်သတ်နိုင်ခဲ့ရင်တောင်မှ သူ့ပြည်တွင်းထဲက အမှိုက်ကပဲ အတော်များနေပြီလို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။  တရုတ်မှာ ပြီးခဲ့တဲ့ ၁၆ နှစ်အတွင်း ရောင်းချခဲ့တဲ့ တီဗီ၊ ရေခဲသေတ္တာ၊ ပန်းကန်ဆေးစက်၊ လေအေးစက်နဲ့ ကွန်ပြူတာတွေရဲ့ စာရင်းကို ကုလသမဂ္ဂက ကိုးကားပြောဆိုခဲ့တာပါ။ 

ဒီလိုမဆုံးနိုင်တဲ့ ညစ်ညမ်းမှုသံသရာကို ရှောင်လွဲနိုင်ဖို့အတွက် ထုတ်လုပ်သူတွေအနေနဲ့ အဆိပ်ဖြစ်စေ မယ့် ဓာတ်တွေကို သူတို့ ပစ္စည်းမှာ အသုံးပြုမှု လျှော့ချဖို့ Greenpeace က ဆော်သြနေတယ်လို့ သိရပါတယ်။ သုံးစွဲတဲ့သူတွေဘက်ကလည်း သိဖို့လိုတယ်လို့ ပြောပါတယ်။
"ကိုယ်သုံးထားတဲ့ဖုန်း၊ စက်ပစ္စည်းတွေ ဘယ်ကိုရောက်သလဲဆိုတာ စဉ်းစားကြပါ။" လို့ Greenpeace အဖွဲ့က မတီယမ်ဂျီ က ပြောပါတယ်။
"ဖုန်းအသစ်တလုံး ၀ယ်တော့မယ်ဆိုရင်၊  လဲတော့မယ်ဆိုရင် ဒါတွေက ကိုယ့်ကမ္ဘာမြေကြီးပေါ်မှာ
 ခြေရာတွေ ထားခဲ့တယ်ဆိုတာကို အမြဲသတိရကြပါ။"

CNN မှ Ivan Watson ၏ China: The electronic wastebasket of the world ကို ခင်မေဇော်က ဆီလျော်အောင် ပြန်ဆိုပါသည်။ 7Day News Journal တွင်ဖော်ပြခဲ့သော ဆောင်းပါးဖြစ်သည်။

No comments:

Post a Comment