Wednesday, June 26, 2013

ပညာပေးရန်လိုအပ်လာသည့် အိမ်တွင်းအကြမ်းဖက်မှုများ

ခင်မေဇော် (7Day News ဂျာနယ် Vol.12, No.16, June 26, 2013)
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဟုဆိုလိုက်လျှင် အများအားဖြင့် ပြင်ပမှ အကြမ်းဖက်မှုကိုသာ သတိပြုမိလေ့ရှိပြီး အိမ်တွင်းအကြမ်းဖက်မှုကို အများက လျှော့လျှော့ပေါ့ပေါ့တွေးကြ မြင်လေ့ရှိကြသည်။ အိမ်ထောင်ရေး မိသားစုအရေး အတွင်းရေးဟု ဆိုတတ်ကြသည်။ သို့သော် ခန္ဓာကိုယ်ကို အကြမ်းဖက်မှု ပါလာချိန်တွင်တော့ အိမ်တွင်းရေးသက်သက်ဟု မဆိုနိုင်တော့ပါ။ အမှန်စင်စစ် အိမ်တွင်း အကြမ်းဖက်မှု သည် လူမှုအဖွဲ့အစည်းတရပ်လုံးကို အတော်ပင် ခြိမ်းခြောက်နေသော အခြေအနေကို ရောက်နေသည်။ 


အမျိုးသမီး ၁၀၀ အသတ်ခံရလျှင် ၎င်းတို့ထဲမှ ၃၈ ဦးသည် သူတို့၏ ခင်ပွန်းသည်များ၊ အတူနေ သို့မဟုတ် မတူမနေသည့် ကျွမ်းဝင်ပတ်သက်ခဲ့သည့် အမျိုးသားဖော်များက သတ်ဖြတ်ခြင်းဖြစ်ကြောင်း နောက်ဆုံး ထုတ်ပြန်သော ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ကြီး၏ အစီရင်ခံစာက ဖော်ပြလိုက်သည်။ နိုင်ငံပေါင်း ၈၁ နိုင်ငံကိုေ
လေ့လာပြီး ပထမဆုံး အကြိမ်ထုတ်ပြန်ခဲ့သော အစီရင်ခံစာလည်း ဖြစ်သည်။ 

၎င်းတို့ထဲတွင် အရှေ့တောင်အာရှဒေသက အမျိုးသားများက သူတို့ရဲ့ ဇနီးမယား၊ သမီးရီးစားများအပေါ် အကြမ်းဖက်မှု အများဆုံးဟု အစီရင်ခံစာက ဖော်ပြသည်။ အရှေ့တောင်အာရှဟု ဆိုရာတွင် မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အရှေ့တီမောတို့လည်း ပါဝင်သည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အများဆုံးမှာ အာဖရိကတွင် (၄၅.၆%)  ဖြစ်ပြီး အရှေ့နှင့် အရှေ့တောင်အာရှတွင် ဒုတိယအများဆုံး (၄၀.၂ %) ဖြစ်သည်။ သို့သော် အိမ်တွင်း အကြမ်းဖက်ရာတွင်မူ အရှေ့တောင်အာရှက ထိပ်ဆုံးက ပြေးနေသည်။ သူတို့သည် တခြားဒေသမှ အမျိုးသမီးများထက် မိမိ၏ခင်ပွန်း၊ ကျွမ်းဝင်သောယောက်ျားဖော်များ၏ အကြမ်းဖက်မှုကို ၈ ဆ ပိုမို တွေ့ကြုံကြရသည်ဟု WHO က ဆိုသည်။ 

ကမ္ဘာနှင့်အ၀ှမ်း အမျိုးသမီး ၃၅.၆% က မိမိနှင့် အနီးကပ်ဆုံး အမျိုးသားများ၏ အကြမ်းဖက်ခံနေရချိန်တွင်
 မြန်မာအပါအ၀င် အရှေ့နှင့် အရှေ့တောင်အာရှတွင် ၃၇.၇% ရှိနေသည်။ 

ခန္ဓာကိုယ်အကြမ်းဖက်မှုဆိုသည့် အပေါ် WHO က အဓိပ္ပါယ်ဖွင့်ရာတွင်  မျက်နှာကို ရိုက်နှက်ထိုးကြိတ်ခြင်း၊ တစုံတခုဖြင့် နာကျင်ရန်ရည်ရွယ် ပစ်ပေါက်ခြင်း၊ တွန်းထိုးခြင်း၊ လက်သီးဖြင့် ထိုးခြင်း၊ ကန်ကျောက်ခြင်း၊ တရွတ်တိုက်ဆွဲခြင်းနှင့် ရိုက်နှက်ခြင်း၊ လည်မျိုကို ညစ်ခြင်း၊ မီးဖြင့် လောင်မြှိုက်စေခြင်း၊ သို့မဟုတ် ထိုသို့ လုပ်မည်ဟု ခြိမ်းခြောက်ခြင်း၊ သေနတ်၊ ဓား သို့မဟုတ် လက်နက်တခုခုသုံးခြင်း - ဟု ဆိုသည်။ အိမ်တွင်း အကြမ်းဖက်မှုတွင် အဆိုပါ ခန္ဓာကိုယ်အကြမ်းဖက်မှုနှင့် လိင်ဆိုင်ရာအကြမ်းဖက်မှုတို့ နှစ်မျိုးစလုံး ပါဝင်သည်။ 

တိုင်းရင်းသားဒေသတလျှောက် သွားရောက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှု လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး နှစ်ပေါင်းများစွာ လုပ်ဆောင်နေခဲ့သူ အမျိုးသမီးရေးလှုပ်ရှားသူ နန်းလောဝ်လင်းဝမ်း က  မြန်မာတိုင်းရင်းသားဒေသတွင် သူမြင်တွေ့ခဲ့ရသော အိမ်တွင်းအကြမ်းဖက်မှု မနဲပါးလှကြောင်း ပြောသည်။
"ရန်သူ  ဒါမှမဟုတ် အပြင်က လူတယောက်က အကြမ်းဖက်တယ်ဆိုတာကို ပြောဖို့ လွယ်ကူပေမဲ့ ကိုယ့်နဲ့ အနီးဆုံးလူတယောက်က အကြမ်းဖက်တယ်ဆိုတာကို ပြောဖို့က အတော်ခက်တယ်လေ၊  အဲဒီမှာ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရတာ အများကြီးပါပဲ။ တွေ့ရတယ်။ တချို့တွေဆိုဖူးယောင်နေတာပဲ။ ဒါပေမဲ့ အမျိုးသမီးတွေက ပတ်ဝန်းကျင်က သူတို့ကို ပြန်ပြီး အပြစ်တင်မှာကိုလည်း စိုးရိမ်နေကြတယ်။ ထုတ်မပြောဘဲ ကြိတ်ခံကြတယ်။ ဒီအိမ်တွင်းအကြမ်းဖက်တဲ့ လုပ်ရပ်က တိုင်းရင်းသားဒေသတွေမှာရော၊
 မြန်မာပြည်မထဲမှာရော တနိုင်ငံလုံးမှာ၊ ကမ္ဘာ့နေရာတကာမှာပါ ပျံ့နှံ့နေတာပါ။ အမျိုးသမီး ၃ယောက်မှာ တယောက်နှုန်း အကြမ်းဖက်ခံရတယ်ဆိုတဲ့ ကိန်းကဏန်းကတော့ ကြာပါပြီ။ အမျိုးသားကြီးစိုးရေးဝါဒတွေ၊ အမျိုးသမီးတွေကို နှိမ့်ချတဲ့ အမြင်တွေရှိနေတာက အကြောင်းရင်းခံတခု ဖြစ်ပါတယ်။"

အနောက်နိုင်ငံများတွင် အိမ်တွင်းလိင်ဆိုင်ရာအကြမ်းဖက်မှုများကို မိမိ၏ အမျိုးသမီးအထူးကုဆရာဝန်၊ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်များကို ထုတ်ဖော်ပြောသူများရှိသော်လည်း မြန်မာနိုင်ငံတွင် ထိုသို့ ထုတ်ဖော်ပြောဆိုသူ မတွေ့ခဲ့ရကြောင်း မြန်မာနိုင်ငံတွင် အမျိုးသမီးအထူးကုဆရာဝန်အဖြစ် ၆ နှစ်ကြာ လုပ်ဆောင်ခဲ့သူ ဒေါက်တာ စိန်ဝေလွင် က ပြောပြသည်။  ထိုသို့ထုတ်ဖော်ပြောဆိုသည့် အပေါ် လူမှုအသိုင်းအ၀ိုင်းက နားလည်လက်ခံမှု နည်းပါးသည့်အတွက်လည်း ဖြစ်သည်ဟု ဆိုသည်။
 ဗြိတိန်နိုင်ငံတွင် လက်ရှိ အမျိုးသမီးအထူးကုဆရာဝန်အဖြစ် လုပ်ကိုင်နေသူ ဒေါက်တာ စိန်ဝေလွင် က
 မြန်မာနှင့် အနောက်နိုင်ငံသားဖခင်တို့အကြား ကွာခြားချက်များ တွေ့ရကြောင်း ဥပမာတခုနှင့်
 ပြောပြသည်။

"ကလေးမွေးခန်းထဲကို မြန်မာယောက်ျားတွေက ဘုန်းကံနိမ့်တယ်ဆိုတဲ့ အမြင်နဲ့ သိပ်ဝင်လေ့ မရှိကြဘူး။ ဒီအနောက်နိုင်ငံသားမှာကတော့ ယောက်ျားတွေက သားဖွားခန်းကို ၀င်ပြီးတော့ ကူတာတွေ အဲဒီ အလေ့အထရှိတယ်။  ကွာခြားချက်ကတော့ အယူသည်းတာတွေ ပါသလို အမျိုးသမီးတွေအပေါ်နှိမ့်ချတဲ့ အမြင်က အစဉ်အလာလို ဖြစ်တာလည်း ပါတယ်။ "

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိလာသော မြန်မာနိုင်ငံသား မိသားစုများအကြားတွင်လည်း အိမ်တွင်းအကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပေါ်လျက်ရှိနေသည်ကို တွေ့ရသည်။ အိမ်တွင်းအကြမ်းဖက်မှုကို ဥပဒေဖြင့် ကြပ်ကြပ်မတ်မတ် အကာအကွယ်ပေးနေသည့် ၀န်းကျင်သို့ ရောက်ရှိနေသော်လည်း တိုင်ကြားကြသည့် အမျိုးသမီးနည်းပါးလှသည်။ ပြည်ပရောက် မြန်မာအသိုင်းအ၀ိုင်းက လက်ခံထားသမျှ ထိုကဲ့သို့ အိမ်တွင်းအကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပေါ်နေအုန်းမည်ဟု အမေရိကန်နိုင်ငံရောက်
 ဒေါက်တာ တင်တင်မူက ပြောသည်။ မြန်မာမိသားစုတွင်း အကြမ်းဖက်မှုများကို ပြည်ပရောက် မြန်မာ အသိုင်းအ၀ိုင်းက ဖြစ်လေ့ဖြစ်ထရှိသော အရာအဖြစ်လက်ခံထားရုံမက မြန်မာအမျိုးသမီးအသိုင်းအ၀ိုင်း ကိုယ်တိုင်က စည်းစည်းလုံးလုံးနှင့် အကြမ်းဖက်မှုကို ဆန့်ကျင်တားဆီးမှု မရှိသည်ကို တွေ့ရကြောင်း
 ပြောဆိုသည်။ 

" ဒီအမေရိကမှာလို ဥပဒေအရ အကာအကွယ်အပြည့်ပေးထားတဲ့နေရာမှာတောင်မှ မတိုင်ရဲကြဘူး။  ဒီလို အိမ်တွင်းအကြမ်းဖက်မှုကို လက်မခံရဘူးဆိုတဲ့ အသိပညာနဲပါးတယ်လို့ ပြောရမယ်ထင်တယ်။ မြန်မာ ကွန်မြူနတီမှာကိုက ဒီအပေါ်မှာ အားနည်းတယ်။ ခံစားရသူကိုယ်တိုင်ကလည်း ဒါကို လက်မခံဘူးဆိုတဲ့အသိ ဒါကို ခံယူဖို့ လိုတယ်လေ။ စီးပွားရေးအရ မှီခိုရတာတွေရှိနေတော့ အကြောက်တရားက ရှိနေတာလည်း
 တွေ့ရတယ်။  သတ္တိနဲတယ်ပဲပြောရမယ် ထင်တယ်။ မြန်မာအသိုင်းအ၀ိုင်းကြား ဒီကိစ္စနဲ့ ပတ်သက်ပြီး အသိပညာပေးတာ ဖြန့်ဝေတာ နဲပါးတယ်လို့ မြင်တယ်။ "

အိမ်တွင်းအကြမ်းဖက်မှုကို ကာကွယ်နိုင်သည့်နည်းတနည်းမှာ အမျိုးသမီးများကို ပညာပေးပြီး စီးပွားရေး အခွင့်အလမ်း ရှာဖွေဖန်တီးပေးခြင်းပင် ဖြစ်သည်။ တောင်အာဖရိကတွင် ပြီးခဲ့သည့် နှစ်အနည်းငယ်က အမျိုးသမီးများကို ချေးငွေ တချို့ထုတ်ပေးပြီး ဟင်းသီးဟင်းရွက်ရောင်းခြင်း၊ စက်ချုပ်ခြင်း၊ လက်လီရောင်း
ခြင်း စသည့် အခြေအနေများကို သုတေသီများက ဖန်တီးပေးခဲ့ပြီး အိမ်တွင်းအကြမ်းဖက်မှုများအကြောင်း၊ ကျား-မ တန်းတူအခွင့်အရေးများအကြောင်း ပညာပေးခဲ့ရာတွင် ၂ နှစ်အကြာတွင် ထိုအမျိုးသမီးများအကြား အိမ်တွင်းအကြမ်းဖက်ခံရမှု ထက်ဝက်ကျော် ကျဆင်းသွားကြောင်း တွေ့ခဲ့ရသည်။ 

WHO ၏ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု လေ့လာသုတေသနပြုရာတွင် ပါဝင်ခဲ့သူတဦးဖြစ်သည့် 
 ဗြိတိန်နိုင်ငံ လန်ဒန် အပူပိုင်းဇုံဆေးဝါးသိပ္ပံမှ ကူးစက်ရောဂါဆိုင်ရာဆရာဝန် ဒေါက်တာ ကာရင်ဒေဗရီးကလည်း ၃၅ % ဆိုသည့် အရေအတွက်မှာ ကြောက်ခမန်းလိလိ မြင့်မားလှကြောင်း
ပြောဆိုသည်။  အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှုန်းက နေရာတိုင်းတွင် မြင့်မားလွန်းနေသည်ဟု ဆိုသည်။ 

ထိုသို့ အိမ်တွင်းအကြမ်းဖက်မှု၏ ရိုက်ခတ်မှုသည် နောက်မျိုးဆက်အထိ ပြင်းထန်စွာ သက်ရောက်မှု ရှိသည်ကို တွေ့ရကြောင်း WHO က ဆေးပညာရှင် ဒေါက်တာကလောင်ဒီယာ ဂါဆီယာ မိုရေနိုက
 ပြောသည်။ အကြမ်းဖက်ခံရသူ မိန်းကလေး သို့မဟုတ် မိမိကိုယ်တိုင် အကြမ်းဖက်မခံရသော်လည်း မိခင်၊ သို့မဟုတ် အမျိုးသမီးများ အကြမ်းဖက်ခံရသည်ကို မျက်မြင်သက်သေဖြစ်ရသည့် သမီး၊ ညီမ စသည့် မိန်းကလေးငယ် များတွင် သေရာပါ စိတ်ဒဏ်ရာများ ရရှိသွားသည်။ ထိုမိန်းကလေးငယ်များ အရွယ်ရောက်လာချိန်တွင် အတော်များများမှာ အလားတူ မိမိကိုယ်တိုင် အကြမ်းဖက်ခံရသော ဆက်ဆံရေးမျိုး အတွင်း သက်ဆင်းရောက်ရှိ သွားတတ်ကြသည်ဟု သုတေသနပြုလေ့လာချက်များအရ သိရသည်။  

ကိုယ်တိုင်အကြမ်းဖက်ခံရသူ မိခင်များသည် ကိုယ်အလေးချိန်မပြည့်သည့် ကလေးမွေးဖွားနိုင်ခြေ ပိုများသလို ကိုယ်ဝန်ဆောင်ချိန်တွင် ရှုပ်ထွေးခက်ခဲမှုများဖြစ်နိုင်သည်။ ၎င်းပြင်  စိတ်ကျရောဂါဖြစ်ပွားခြင်း၊  အရက်စွဲခြင်း များလည်း ဖြစ်နိုင်သည်။ 

" ဒီလိုပုံစံမျိုးနဲ့ အကြမ်းဖက်မှုတွေ လျော့ကျသွားအောင်လုပ်တဲ့နေရာမှာ ကလေးတွေကို အကြမ်းဖက်မှု ကနေ ကာကွယ်ရေးက သိပ်အရေးကြီးပါတယ်။" ဟု ဒေါက်တာ ဂါဆီယာ မိုရေနိုက ပြောသည်။

အိမ်တွင်းအကြမ်းဖက်မှုက ဤသို့အကြမ်းဖက်မှုကို ယဉ်ပါးစေသည့် အန္တရာယ်ဖြစ်ပေါ်စေပြီး အကြမ်းဖက်သူ၊ သို့မဟုတ် အကြမ်းဖက်ခံရမှုကို လက်ခံသူများဖြစ်လာစေသည်ဟု စိတ်ပညာရှင်များကလည်း ဆိုသည်။ ထိုမှတဆင့် အကြမ်းဖက်မှုသံသရာ ဆက်လက်လည်ပတ်နေနိုင်ခြင်း ဖြစ်သည်။ 

"ဒီလို မုဒိမ်းကျင့်တဲ့၊ အကြမ်းဖက် အနိုင်ကျင့်တတ်တဲ့ ရောဂါအတွက် ကုသဖို့ဆေးလည်းမရှိဘူး၊ ကာကွယ်ဆေးလည်းမရှိဘူး။ မန်းမှုတ်လို့လည်း မပျောက်ဘူး။ ဒါပေမဲ့ နားလည်မှုရှိသူတယောက်ယောက်က အကြမ်းဖက်ခံရသူကို လက်တွေ့ကူညီပေးတာ၊ တခြားနေရာက အကူအညီရအောင် ဆောင်ကျဉ်းပေး တာတွေ က အရေးကြီးတဲ့ လက်တွေ့ကျတဲ့ လုပ်ရပ်တွေဖြစ်တယ်။" ဟု ဒေါက်တာ ဂါဆီယာမိုရေနို က အိမ်တွင်း အကြမ်းဖက်ခံရသူများနှင့် မေးမြန်းလေ့လာချက်များကို ထောက်ပြပြောဆိုသွားသည်။ 

ခင်မေဇော်

No comments:

Post a Comment