သမိုင်းတကွက်၏
အတွေးစများ (၁)
သမိုင်းလေ့လာသူများအတွက်
အပြောင်းအလဲ မြန်ဆန်လှသော မြန်မာနိုင်ငံအရေးကို တင်ကြို ဟောကိန်းထုတ် ခန့်မှန်းရန်
ခက်ခဲနေသည်။ ယခင်အမေရိကန်သံအမတ်ဟောင်း ပရက်စီလာ ကလပ်က မြန်မာနိုင်ငံ အပြောင်းအလဲသည်
အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အစီအစဉ် ဖြစ်သည်ဟု ၂၀၁၁
ခုနှစ် သတင်းထောက်များ အတွက် နိုင်ငံတကာအဖွဲ့၏ နှစ်ပတ်လည်
ဆွေးနွေးပွဲတရပ်တွင် ပြောခဲ့သည်။
လျှို့ဝှက်ချက်များလှသည့်
နိုင်ငံတွင် သိစေလိုသော သတင်း များသာ ထွက်လာသည်ဟု
ဝေဖန်သူများ ရှိပါသည်။ ရံဖန်ရံခါလည်း မသိစေလိုသော သတင်း များကလည်း ထွက်လာလေ့ရှိပါသည်။
မြန်မာအာဏာရှင်များ၏ ကစားကွက်ကို လျှော့တွက်သူ များရှိသည်ဟု အတိုက်အခံများဘက်က ဆိုသည်။ သို့သော် ပိုတွက်သူများလည်း
ရှိသည်ဟု ဆိုသူလည်း ရှိပါသည်။
၂၀၀၄ ခုနှစ်က အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလုံခွင့်တောင်းခံ
ခဲ့သူ ၀ါရှင်တန် မြန်မာသံရုံးမှ သံတမန် ဦးအောင်လင်းထွဋ်က လူအများထင်နေသလို
မြန်မာနိုင်ငံတွင် ဤမျှအထိ အကွက်ချ၍ စနစ်တကျ
ပြင်ဆင်လုပ်ကိုင်နိုင်စွမ်း
မရှိကြောင်း၊ တချို့ဖြစ်ရပ်များ တွင် ပြင်ဆင်လုပ်ဆောင်မှု ရှိခဲ့သော်လည်း
အများထင်နေသလို အရာရာတွင် ပြင်ဆင်လုပ် ဆောင်နိုင်ခြင်း မရှိကြောင်း ပြောခဲ့ဖူးသည်။ ထိုအချိန်က မြန်မာ အာဏာပိုင်က နေရာတကာ
၎င်းတို့၏ သူလျှိုများစေလွှတ် ထားသည်ဆိုသော ကောလဟာလ သတင်းများနှင့် ပတ်သက်ပြီး
မေးမြန်းချက်ကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၁ ခုနှစ်ကစပြီးပြုပြင်ပြောင်းလဲရေးလုပ်ဆောင်သည်ဆိုသည့်အပေါ်
ဤပြောင်းလဲခြင်းသည် အမှန်တကယ် လေးနက်မှုရှိသော ပြောင်းလဲ ခြင်းလားဟူသော မေးခွန်းကို စာရေးသူကို နိုင်ငံတကာ သတင်းထောက်များက မေးခဲ့သည်။ မိမိအနေနှင့် အမှန် တကယ်လား ဟန်ပြလားဆိုသည်ကို
တိတိကျကျ ပြောနိုင်သည့် အနေမှာ မရှိပါ။ ပြောနိုင်သည့်
သူများလည်း အစိုးရအတွင်းစည်း၏ ပြင်ပတွင်ရှိနေသူများ ထဲတွင် ရှိမည် မထင်ပါ။ မည်သို့သော
ပြောင်းလဲမှုပင် ဖြစ်စေကာမူ ဤ ပြောင်းလဲခြင်းသည် သမိုင်းက
ပြောင်းလိုက်သော တကွေ့တချိုးဖြစ်သည်။
အပြောင်းအလဲဖြစ်ပေါ်ခဲ့သော
နိုင်ငံများကို ကြည့်လျှင်လည်း ရေတံခါးဖွင့်ချလိုက်သော ဆည်ကဲ့သို့ပင် ရေထုက ဖိ၍တိုး၍ အလုအယက်
ထွက်လာကြသည်သာ ဖြစ်သည်။ နှစ်ရှည်လများလှောင်ပိတ်ထားသဖြင့်
မွန်းကြပ်နေရာမှ မြင်ရသော အလင်းရောင်တလက်၊ လေပေါက်လေး တကွက်သည် ထိုနေရာမှ တိုးထွက်စေရန် အင်အားများပေးလိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ အမှန်စင်စစ်ဖြစ်စေ၊ လှည့်ဖျားခြင်းဖြင့် ဖြစ်စေ ဖွင့်ပေးလိုက်သော တံခါးများကို
ပြန်ပိတ်၍ မရနိုင်တော့ကြောင်း စာရေးသူက ပြန်ဖြေခဲ့သည်။
လွန်ခဲ့သော
၁၀ နှစ်က ဖုန်းပေါ်တွင်ပင် အသံခိုးနားထောင်မည်
ကြောက်ပြီး ပြည်ပရောက်မိသားစုဝင်များ ဖုန်းဆက်လျှင်ပင် သာရေးနာရေးမှလွဲ၍ ဘာဆိုဘာမျှ မပြောရဲခဲ့သည့် အနေအထားမှ ၂၀၀၈ ရွှေဝါရောင်သံဃာ့အရေးအခင်းတွင် သံဃာများ အရိုက်ခံရသည့်အသံကို လက်ကိုင်ဖုန်းဖြင့် ဗီဒီယိုရိုက်ပြီး ပြင်ပကမ္ဘာကို ထုတ်ခဲ့သည့်အထိ၊ နာဂစ်မုန်တိုင်း ကြောင့်သေဆုံးခဲ့သူများကို ငါးပူတင်းက ရှင်းသွားလိမ့်မည်ဆိုသည့် ၀န်ကြီးတဦး၏ စကားကိုဖမ်းပြီး ဖြန့်ရဲလာသည့်အထိ၊ ထိုနောက် လူမှုရေးနှင့် တွဲဖက်ပြီး နိုင်ငံရေး လှုပ်ရှားမှုကို ပြောင်ပြောင်တင်းတင်း ပြန်လည်လုပ်ဆောင်ရဲလာသည့်အထိ ပြောင်းလဲ လာသည့် ဖြစ်စဉ်ကို ပြောပြဖြစ်သည်။
ဤ ဖြစ်စဉ်ကိုကြည့်လျှင် တွန်းဟလာသည့်တံခါး၏ နောက်ကွယ် တွင်
အဆင့်ဆင့်ပြောင်းလဲလာသည့် အရှိန်အဟုန် ရှိနေသည်ကို တွေ့ရသည်။ ထို့ကြောင့် ဤတံခါးပြန်ပိတ်၍ မရနိုင်ဟု စာရေးသူက ခိုင်ခိုင်မာမာ ယုံကြည်စွာပင် ဖြေဆိုခဲ့သည်။ ယခုဆိုလျှင် ၂ နှစ်ရှိခဲ့ပါပြီ။ မိမိယုံကြည်ခဲ့သလို
တံခါးက ပြန်မပိတ်ပါ။ ပို၍ပင်ပွင့်လာပါသည်။
အရှိန်ပြင်းသော
ရေလုံးကြီးကလည်း ဒေါနှင့် မာန်နှင့် စီးဆင်းလာပါသည်။ ပိတ်ထားသည်မှာ ကြာလှသဖြင့် တံခါးနှင့် အနီးဆုံးရေထုတွင် အမှိုက်များ၊ ရေပုပ်ရေဆိုးများလည်း ရှိနေပြီး ထိုရေတို့က အရင်ဦးစွာ ထွက်လာကြပါသည်။ ပိတ်ထားသည်မှာ ကြာလှသဖြင့် ရွှံ့တို့နွံတို့နှင့်လည်း ရေက ညစ်ထေးထေး ဖြစ်နေပါလိမ့်မည်။
ပိတ်နေသည်က ကြာလှသဖြင့် ပြင်းထန်သော ရေလုံးဒဏ်ကြောင့် ရေတံခါးလည်း ပျက်ဆီးသွားနိုင်ပါလိမ့်မည်။ ရေစီးရာလမ်းတလျှောက် ရေလိုရာ လယ်ယာမြေသို့ ရေရောက်သလို
ရေလွှမ်းခံရသည့် မြေဇာမြက်များ၊ သီးပင်များလည်း ရှိပါအုန်းမည်။ သို့သော် ထိုညစ်ထေးထေး ရေတို့၊ ဦးတည်ရာမဲ့လို သွန်ချ
ထွက်လာ သောကြောက်လန့် စရာအရှိန်အဟုန် တို့သည် မကြာလှသော တချိန်တွင်
လွန်မြောက်သွား မည်ဖြစ်သည်။ ထိုအချိန်တွင် ကြည်လင် သော၊ သန့်ရှင်းသော
ဒေါမာန်ဟုန်ကင်းသော ရေစီးကြောင်း တသွင်သွင်စီးဆင်း လာအုန်းမည်။
ထိုစီးဆင်းလာမည့်
တသွင်သွင်သော ရေစီးကြောင်းကို ရပ်မသွားရန် နောက်မှ အားဖြည့်ကြသော မိုးရေများရှိကြပြီး
ရွှံ့နွံအနယ်ကျတို့ဖြင့် ပိတ်ဆို့ခြင်းကင်းပါစေရန်သာ ဆန္ဒပြုရပါသည်။
No comments:
Post a Comment